ICJ မှာ အစိုးရဖြေရှင်းမယ့်ကိစ္စ အပစ်ရပ် ၁၀ ဖွဲ့သဘောထား ဆွေးနွေးမည်
အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ရင်ဆိုင်ဖြေရှင်းဖို့ တပ်မတော်နဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်တာဟာ အစိုးရက တာဝန်ယူ၊ တာဝန်ခံ တယ်ဆိုတာ ပြသလိုက်တာဖြစ်တယ်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောဆိုလိုက်ပါတယ်။
-
အောင်မိုးမြင့်
2019-12-02 -
-
-
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ပြန်လည်စတင်ကျင်းပနိုင်ရေးနဲ့ PPST ယာယီအဖွဲ့ခေါင်းဆောင်ကို အဖွဲ့ခေါင်းဆောင် အဖြစ် တရားဝင်ခန့်အပ်ရေးကိစ္စ အပါအဝင် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ NCA အပစ်ရပ် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေး စတင်ကျင်းပခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ လက်ရှိ PPST ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က အစည်းအဝေး အဖွင့်မိန့်ခွန်း မှာ ICJ နဲ့ ပတ်သက်လို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ အမှုနဲ့ ပတ်သက်လို့ အစိုးရရဲ့ တာဝန်ခံမှုကို အသိအမှတ်ပြုလိုက်ပေမယ့် NCA အပစ်ရပ် ၁၀ ဖွဲ့အနေနဲ့ ထောက်ခံသလား ကန့်ကွက်သလား ဆိုတာကိုတော့ ဒီအစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးသွားဖို့ ရှိပါတယ်။
ဒီကိစ္စအပေါ်မှာ သဘောထား ကွဲလွဲမှုတွေလည်းရှိတယ်လို့ PNLO အဖွဲ့က ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
“EAO ရဲ့ သဘောထားကတော့ အများစုကတော့ ကျနော်တို့ ဒီ ICJ နဲ့ ပတ်သက်ရင် နိုင်ငံတော်ကို စွဲတဲ့အတွက် နိုင်ငံတော် အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ကျနော်တို့ အားလုံးမှာ လည်း တာဝန်ရှိတယ်၊ တာဝန်ရှိတဲ့အလျှောက် ကျနော်တို့ ဒီလို ဒီ ဂျီနိုစိုက် အဆင့်ကို မရောက်ဘူး ဆိုတဲ့ဟာကို အစိုးရက ဦးဆောင်ပြီးတော့ ဒီ သွားပြီးတော့ တင်ပြတဲ့ လျောက်လဲတဲ့ နေရာမှာ ကျနော်တို့ကလည်းပဲ ညီညွတ်ရေးကို ပြရမယ်၊ ပြည်သူလူထုနဲ့ တသားတည်း ရှိတာကို ပြရမယ်၊ ဒါကြောင့် ဒီ ဂျီနိုစိုက် ရဲ့ အဆင့် မဟုတ်ဘူး ဆိုတာကို ကျနော်တို့လည်းပဲ ငြင်းချက်ထုတ်ရမှာ ဖြစ်တယ်၊ သို့သော် ကျနော်တို့ထဲမှာ အခုတော့ မညှိသေးဘူးပေါ့လေ တစ်ဖွဲ့စ နှစ်ဖွဲ့စ လည်းမဟုတ်ပါဘူး တစ်ဦးချင်း နှစ်ဦးချင်း လောက်ကတော့ ဒါ တို့နဲ့မဆိုင်ဘူး တပ်မတော်နဲ့ပဲ ဆိုင်တယ်၊ အစိုးရနဲ့ပဲ ဆိုင်တယ် ဆိုပြီးတော့ ပြောသံတော့ရှိတယ် သို့သော် ၁၀ ဖွဲ့မူတော့ မဟုတ်ပါဘူး။”
ICJ အမှုရင်ဆိုင်မယ့်ကိစ္စနဲ့ပတ်သက်လို့ အပစ်ရပ် ၁၀ ဖွဲ့ကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိသလို အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ FPNCC အဖွဲ့ကြားမှာလည်း အလားတူပါပဲ။ FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ မြောက်ပိုင်းသုံးဖွဲ့ ကတော့ တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် တပ်မတော်ကို အရေးယူဖို့ ကြိုးပမ်းတဲ့ကိစ္စကို ထောက်ခံပြီး ကျန်တဲ့ "ဝ" မိုင်းလား နဲ့ SSPP တို့ကတော့ အစိုးရလုပ်ဆောင်ချက်ကို ထောက်ခံကြပါတယ်။
ဒီဇင်ဘာလ ၄ ရက်နေ့အထိ ကျင်းပမယ့် ဒီအစည်းအဝေးမှာ အစိုးရက အဆိုပြုထားတဲ့ JICM အစည်းအဝေး ဒီဇင်ဘာလ ၁၈၊ ၁၉၊ ၂၀ ရက်အတွင်းမှာ ကျင်းပနိုင်ရေးကိစ္စ အတည်ပြုရေး အပါအဝင် UPDJC နဲ့ JMC အစည်းအဝေး ခေါ်ယူကျင်းပရေးကိစ္စတွေကိုပါ ဆွေးနွေး အတည်ပြုသွားဖို့လည်း ရှိတာပါ။
တဆက်တည်းမှာပဲ PPST အဖွဲ့ရဲ့ စုဖွဲ့မှုနဲ့ ပတ်သက်ပြီး လုပ်ငန်းလမ်းညွှန် ပြင်ဆင်ခြင်းဆိုင်ရာကိစ္စတွေကို ဆွေးနွေးအတည်ပြုပြီး လက်ရှိ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် ကို တရားဝင် အဖွဲ့ခေါင်းဆောင် အဖြစ် ပြောင်းလဲသတ်မှတ် အတည်ပြုသွားဖို့လည်း ရှိပါတယ်။
ကရင်ပြည်နယ် ဘုရားသုံးဆူ ဒေသမှာဖြစ်ပွားခဲ့တဲ့ မွန်ပြည်သစ်ပါတီနဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ ဝိုင်းဝန်းဖြေရှင်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာ က ဒီအစည်းအဝေးမှာ အခြေအနေတွေကို စုစည်းတင်ပြခဲ့ပါတယ်။
PPST အစည်းအဝေးမှာ တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး တင်ပြခဲ့တာနဲ့ ပတ်သက်လို့ နိုင်ဟံသာ က --
“ဒီ PPST ဆိုတာလည်း ဒါ ကျနော်တို့ အားလုံး NCA ပေါ်မှာ ရပ်တည်ပြီးတော့ပေါ့ဗျားနော်။ ကျနော်တို့ ငြိမ်းချမ်းရေးကို ခိုင်မာဖို့ အကောင်အထည်ဖော်နေတယ်၊ ဒါပေမဲ့ လက်ရှိ ကျနော်တို့မှာ ဖြစ်သွားတဲ့ကိစ္စက အဲဒီ NCA မူကို ဖောက်ဖျက်ပြီးတော့ပေါ့လေ တိုက်ပွဲတွေ ပြန်ဖြစ်ပေါ်လာတော့ ကျနော်တို့ ချီတက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က တစ်ဆို့မှုတွေ ဖြစ်စေနိုင်တယ်၊ ယုံကြည်မှုတွေ လျော့ကျသွားတာပေါ့ဗျာ၊ ကျနော် အဲလိုမြင်တယ်။”
လောလောဆယ် မွန်ပြည်သစ်ပါတီရဲ့ တပ်စခန်းကို တပ်မတော်ဘက်က ထိန်းချူပ်နေရာယူထားဆဲ ဖြစ်တာကြောင့် ဒီကနေ့မှာ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်က အရှေ့တောင်တိုင်း စစ်ဌာနချူပ်မှာ မွန်ပြည်သစ်ပါတီက ခေါင်းဆောင်တွေ သွားရောက်တွေ့ဆုံဆွေးနွေးနေဆဲ ဖြစ်ပြီး အဖြေတစ်စုံတစ်ရာ မသိရသေးဘူးလို့ နိုင်ဟံသာ က ပြောပါတယ်။
ဗိုလ်ချုပ်ကြီး ယွက်စစ် က NCA လမ်းကြောင်းအရ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ NCA ပြဌာန်းချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့လိုကြောင်း ထည့်သွင်းပြောကြားသွားပါသေးတယ်။
“ဆောင်ရွက်နေတဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ အဆင့်ဆင့်နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့နေရာမှာ NCA ပြဌာန်းချက်အတိုင်း တသွေမတိမ်း လိုက်နာဆောင်ရွက်ဖို့ လိုအပ်သလို လက်ရှိ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဖြစ်ချင်တာ၊ ဖြစ်သင့်တာ၊ ဖြစ်နိုင်တာတွေကို ချင့်ချိန်ပြီး လုပ်ဆောင်သင့်ပါကြောင်းနဲ့ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေး နည်းလမ်းနဲ့သာ ဖြေရှင်းနိုင်မှာ ဖြစ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။”
ချင်းမိုင်မြို့မှာ စတင်ကျင်းပတဲ့ PPST အစည်းအဝေးကိုတော့ NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၀ ဖွဲ့က ခေါင်းဆောင် ကိုယ်စားလှယ် ၇၀ ခန့် တက်ရောက်နေကြပါတယ်။