အချိုးကျကိုယ်စားပြုစနစ် လွှတ်တော်မှာ ဆွေးနွေး

နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ အချိုးကျကိုယ်စားပြုစနစ် ခေါ် PR စနစ်ကို ကျင့်သုံး သင့် မသင့် ဒီနေ့ အမျိုးသားလွှတ်တော်မှာ စတင်ဆွေးနွေးခဲ့ပါတယ်။

အမျိုးသားလွှတ်တော်မှာ ဇွန်လ ၃ ရက်နေ့က လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် ပီအာစနစ် ကျင့်သုံးပေးဖို့ အဆိုတင်သွင်းခဲ့စဉ် Photo: Myo Thant Khaing/RFA

နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ အချိုးကျကိုယ်စားပြုစနစ် ခေါ် PR စနစ်ကို ကျင့်သုံးသင့် မသင့် ဒီနေ့ အမျိုးသားလွှတ်တော်မှာ စတင်ဆွေးနွေး ခဲ့ပါတယ်။

ဒီနေ့ စတင်ဆွေးနွေးတဲ့ ကိုယ်စားလှယ် ၈ ဦးထဲမှာ တပ်မတော်သား ကိုယ်စားလှယ် ၃ ဦး ပါဝင်ခဲ့ပါ တယ်။ ဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ဦးက ပီအာစနစ်ကို လက်ခံစဉ်းစားသင့်ကြောင်း အခုလို ပြောပါတယ်။

"မိမိတို့နိုင်ငံအနေနဲ့လည်း နှစ်ပေါင်း ၆ဝ အတွင်းမှာ PR စနစ်ကျင့်သုံးတဲ့ အလေ့အကျင့်မရှိသေးပါ၊ လက်ရှိအခြေအနေမှာလည်း ဒီတိုင်းပြည်အခြေအနေနဲ့ ကိုက်ညီတဲ့ PR စနစ်ကို ကျယ်ကျယ်ပြန်ပြန့် လေ့လာ သုံးသပ်ပြီးတော့ စနစ်ကိုရွေးချယ်ရန် လိုအပ်ပါတယ်၊ မိမိတို့အနေဖြင့်လည်း PR စနစ်ကို မထောက်ခံတာလည်း မဟုတ်ဘူး၊ ထောက်ခံတာလည်း မဟုတ်ပါဘူး၊ လတ်တလောအခြေအနေမှာ ရွေးချယ်စဉ်းစားရန် လိုအပ်တဲ့အတွက် PR စနစ်ကို ကျင့်သုံးဖို့အတွက် စဉ်းစားသင့်ကြောင်း မိမိဆွေးနွေးတင်ပြခဲ့ခြင်းဖြစ်ပါတယ်"

ပြီးခဲ့တဲ့ ဇွန်လ ၃ရက်နေ့က အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပီအာစနစ်နဲ့ ကျင့်သုံးပေးဖို့  အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက PR စနစ်ကို လတ်တလော ဆိုင်းငံ့ထားဖို့နဲ့ ကျင့်သုံးမယ်ဆိုရင် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆွေးနွေးဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

အဲ့ဒီအဆိုကိုဆွေးနွေးဖို့ လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦးက အမည်စာရင်းတင်ထားပြီး ကျန်တဲ့လွှတ်တော် ကိုယ်စားလှယ်တွေက လာမယ့် ဇွန်လ ၁၀ ရက်နေ့မှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။

PR စနစ်ကို ကျင့်သုံး သင့် မသင့် ဆွေးနွေးချက်နဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုကျော်သူရဲ့တင်ပြချက်ကို နားဆင်နိုင်ပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org