PR စနစ်ကို ဆန့်ကျင်ဖို့ ညီနောင်တိုင်းရင်းသားပါတီတွေ ဆုံးဖြတ်

တိုင်းရင်းသားပါတီ နှစ်ဆယ်ကျော်နဲ့ဖွဲ့စည်း ထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က ပြည်သူ့လွှတ်တော်မှာ PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးရေးအဆို အတည်ဖြစ် ခဲ့ရင်တောင် ပြည်နယ်တွေမှာမကျင့်သုံးဖို့ ကန့်ကွက်ဆန္ဒပြ သွားမယ်လို့ ဒီနေ့ နေပြည်တော် ရတနာသိင်္ဃ ဟိုတယ် မှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ ဆွေးနွေးပွဲအပြီး သဘော ထားကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF နေပြည်တော် ရတနာသိင်္ဃဟိုတယ်မှာ ပုံမှန်အစည်းအဝေးပြုလုပ်စဉ် Photo: Win Naung Toe/RFA

တိုင်းရင်းသားပါတီ နှစ်ဆယ်ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က ပြည်သူ့ လွှတ်တော်မှာ PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးရေးအဆို အတည်ဖြစ်ခဲ့ရင်တောင် ပြည်နယ်တွေမှာမကျင့်သုံးဖို့ ကန့်ကွက်ဆန္ဒပြသွားမယ်လို့ ဒီနေ့ နေပြည်တော် ရတနာသိင်္ဃ ဟိုတယ်မှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ ဆွေးနွေးပွဲအပြီး သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒုဥက္ကဌ ဦးစောသန်းမြင့်က အခုလိုပြော ပါတယ်။

"ပီအာဟာ တကယ်လို့ဖြစ်လာမယ်ဆိုရင် တိုင်းရင်းသားပါတီတွေကတော့ ပြည်နယ်ကိုတော့ လုံးဝလက်မခံနိုင်ဘူး၊ ဒီနေ့လည်း လက်မခံဘူး၊ မနက်ဖြန်လည်း လက်မခံဘူး၊ သန်ဘက်ခါလည်း လက်မခံဘူး ၂၀၁၅ မှာလည်း လက်မခံဘူး အဲ့ဒီတော့ ဘာပဲဖြစ်ဖြစ် တကယ်လို့ မဲပေးဆုံးဖြတ်လို့ ရှှုံးရင်တောင်မှ ပြည်နယ်အားလုံးမှာက လုံးဝကန့်ကွက်ဆန္ဒပြမယ် တောက်လျှောက်ဆန္ဒပြသွားမယ် ဒါကိုပြည်နယ်အားလုံးက ပီအာနဲ့ ပတ်သက်ပြီး လုံးဝလက်မခံဘူး ၇ ပြည်နယ်မှာ လုံးဝလက်မခံဘူး အဲ့ဒီအနေအထားကို ပထမအနေနဲ့တော့ ကန့်ကွက်ဆန္ဒပြမယ် ဒီနေ့ဆုံးဖြတ်တာ အဲ့လောက်အထိပဲ"

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ကြိုးစားနေချိန်မှာ ရွေးကောက်ပွဲစနစ်ပြောင်းလဲဖို့ အကောင်အထည်ဖော်တာကို လက်မခံနိုင်ကြောင်း တိုင်းရင်းသားပါတီကိုယ်စားလှယ်တွေက ပြောပါတယ်။

နှစ်ရက်ကြာကျင်းပခဲ့တဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း  NBF အစည်းအဝေးက ထုတ်ပြန်တဲ့ကြေညာ ချက်မှာ အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ မဖြစ်မနေဆက် လက်လုပ်ဆောင်ဖို့၊ တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို ပြည်ထောင်စု လွှတ်တော်ကပြဌာန်းပေးဖို့၊ ရွေးကောက်ပွဲကော်မရှင်ကို အများယုံကြည်လေးစားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပေးဖို့ ၊ လာမယ့်ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးဖို့ ကြိုးစားတာဟာ တိုင်းရင်းသားလူနည်းစုကို ထိခိုက်နစ်နာစေတာဖြစ်တဲ့အတွက် တိုင်းရင်းသားဒေသတွေမှာ ကန့်ကွက်ဆန္ဒပြသွားမှာဖြစ်ကြောင်း ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org