စစ်ကောင်စီတိုက်လေယာဉ် ကျူးကျော်မှု ကြီးကျယ်တဲ့ကိစ္စ မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ်ပြော
ထိုင်း ဝေဟင်ပိုင်နက်ထဲ မြန်မာစစ်ကောင်စီ တိုက်လေယာဉ် ကျူးကျော်ဝင်ရောက်လာတာဟာ ကြီးကျယ်တဲ့ ကိစ္စမဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ Prayut Chan-ocha က သတင်းထောက်တွေကို ဇူလိုင်လ ၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။
Mig-29 ဂျက်တိုက်လေယာဉ် မရည်ရွယ်ဘဲ ထိုင်းဝေဟင်ထဲ ရောက်လာပြီး ပြန်ကွေ့သွားတဲ့ အကြောင်းနဲ့ ထိုင်းဘက်ကလည်း F-16 ဂျက်တိုက်လေယာဉ်နှစ်စင်းကို နိုင်ငံတကာ စံနှုန်းတွေအတိုင်း အရေးပေါ် ချက်ချင်း ပျံသန်းပြီး စောင့်ကြည့်စေခဲ့တဲ့အကြောင်း ပြောပါတယ်။
မြန်မာစစ်သံမှူးကလည်း တောင်းပန်ထားပြီး နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်တဲ့အကြောင်းနဲ့ တစ်စုံတစ်ရာဖြစ်ရင် နှစ်ဦးနှစ်ဖက် ဆွေးနွေးကြတဲ့အကြောင်းလည်း ပြောပါတယ်။
ဇွန်လ ၃၀ ရက်နေ့က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ပုပ်ဖရာ့မြို့နယ် ထိုင်းဝေဟင်ပိုင်နက် သုံးလေးမိုင်အတွင်း စစ်ကောင်စီတပ်က Mig-29 ဂျက်တိုက်လေယာဉ်တစ်စီး ၁၅ မိနစ်လောက် ပျံသန်းခဲ့ပြီးတဲ့နောက် ထိုင်းဝန်ကြီးချုပ်က အဲဒီလို ပြောကြားတာပါ။
ဒီလို ထိုင်းပိုင်နက်ထဲ မြန်မာလေယာဉ် ရောက်လာတဲ့အတွက် အမျက်ထွက်ပေမဲ့ စိတ်ထိန်းဖို့လိုတယ်လို့ ထိုင်းလေတပ်ဗိုလ်ချုပ်ကြီးက ပြောပါတယ်။
မြဝတီမြို့နယ်တောင်ပိုင်း ဝေါလေဒေသက စစ်ကောင်စီတပ် ခြေကုပ်ယူထားတဲ့ ဥကရစ်ထစခန်းကို KNDO၊ KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာကို စစ်ကောင်စီက တိုက်လေယာဉ်တွေသုံးပြီး လေကြောင်းကပါ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။