သမ္မတဦးသိန်းစိန် အာရှ ဥရောပ ဆွေးနွေးပွဲ တက်ရောက်ရန် လာအိုကို ထွက်ခွာ
သမ္မတ ဦးသိန်းစိန် ဟာ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ကျင်းပမယ့် (၉) ကြိမ်မြောက် ASEM ခေါ် အာရှ-ဥရောပ ဆွေးနွေးပွဲကို တက်ရောက်ဖို့ တနင်္ဂနွေနေ့က ထွက်ခွာသွားပါတယ်။
-
2012-11-05 -
-
-
ဦးသိန်းစိန်နဲ့အတူ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်း၊ ဆောက်လုပ်ရေးဝန်ကြီး ဦးကျော်လွင် တို့ လိုက်ပါသွားကြပါတယ်။ ဒီအတွင်း ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ် ဟာ ဦးသိန်းစိန်နဲ့ လာမယ့် ဗုဒ္ဒဟူးနေ့မှာ တွေ့ဆုံဖို့အတွက် ပြင်ဆင်နေပါတယ်။
ထိုင်းဘက်က အမေရိကန်ဒေါ်လာ သန်း (၅၀) ရင်းနှီးမြှှပ်နှံမယ့် ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ပတ်သက်ပြီး နှစ်ရက်တာ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီအတွက် ထိုင်းဝန်ကြီးချုပ် ယင်လပ် ဟာ ဝန်ကြီးဌာနတွေနဲ့ မနက်ဖြန်ဆွေးနွေးမှာပါ။
အဓိကအနေနဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း အစီအစဉ်၊ ရေနက်ဆိပ်ကမ်းကနေ ထိုင်းမြန်မာနယ်စပ်အထိ (၈၂) မိုင်အရှည် လမ်းဖောက်လုပ်ရေး၊ ၃၃ မက်ဂါဝပ် ဓါတ်အားပေးရုံဆောက်လုပ်ရေးနဲ့ ထားဝယ် အထူးစီးပွားရေးဇုန်အတွင်း ဓါတ်အားပေးလိုင်း တည်ဆောက်ရေးတွေ ဆွေးနွေးကြမယ်လို့သိရပါတယ်။
ဆွေးနွေးချက်ရလဒ်တွေကို နိုဝင်ဘာလ (၁၇) ရက်ကနေ (၂၀) ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပမယ့် အာဆီယံဆွေးနွေးပွဲမှာ ဦးသိန်းစိန်နဲ့ ယင်လပ်တို့ နောက်ဆုံး အတည်ပြုကြမှာဖြစ်ပြီး၊ တရားဝင်ကြေညာချက် ထုတ်ပြန်လိမ့်မယ်လို့လည်း မျှော်လင့်ရကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြပါတယ်။