ရွေးကောက်ပွဲကာလ ဆူပူလှုံ့ဆော်သူတွေကို အရေးယူဖို့ နိုင်ငံတော်သမ္မတ အမိန့်ထုတ်
ရွေးကောက်ပွဲကာလအတွင်းမှာ ရပ်ရွာအေးချမ်းသာယာရေး ပျက်ပြားအောင် ဆူပူလှုံ့ဆော်နေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီကနေ့ကြေညာချက်ထုတ်ပြန် အမိန့်ပေးလိုက်ပါတယ်။
-
2020-10-16 -
-
-
ရွေးကောက်ပွဲကာလအတွင်းမှာ ရပ်ရွာအေးချမ်းသာယာရေး ပျက်ပြားအောင် ဆူပူလှုံ့ဆော်နေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီကနေ့ကြေညာချက်ထုတ်ပြန် အမိန့်ပေးလိုက်ပါတယ်။
မဲဆွယ်ကာလအတွင်းမှာ အကြမ်းဖက်တာ၊ ခြိမ်းခြောက်နှောင့်ယှက်တာတွေနဲ့ ဘာသာရေး လူမျိုးရေး အကြောင်းပြပြီး ဆူပူအောင်လှုံ့ဆော်နေသူတွေကို တွေ့နေရတယ်လို့ ဒီကနေ့ထုတ်ပြန်တဲ့ သမ္မတရုံးရဲ့ ကြေညာချက်ထဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောထားပါတယ်။ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့လည်း ရွေးကောက်ပွဲဥပဒေတွေနဲ့အညီ မဲဆွယ်စည်းရုံးဖို့လည်း သမ္မတက တိုက်တွန်းထားပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက ကြေညာချက်ထုတ်ပြန်ပြောဆိုချိန်နဲ့ တချိန်တည်းမှာပဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ဒေသတွေစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ် ၉ မြို့နယ်နဲ့ ရှမ်းပြည်နယ်က မြို့နယ် ၆ မြို့နယ် အပါအဝင် တိုင်းနဲ့ပြည်နယ် ခြောက်ခုက နေရာအတော်များများမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်ကကြေညာလိုက်တာပါ။ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။
ဒီကပ်ရောဂါအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲရုံစောင့်မယ့် ရဲတပ်ဖွဲ့ဝင်တွေကို တခါသုံး ဆေးစစ်ကိရိယာတွေနဲ့ စစ်ပေးနေပြီး အသက် (၆၀) အထက် လူကြီးတွေကို နေအိမ်မှာကနေ ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အစိုးရရုပ်သံကတဆင့် ပြောထားပါတယ်။
လက်ရှိအချိန်ဟာ ကပ်ရောဂါကာလဖြစ်တာမို့ လူစုရုံးပြီး မဲဆွယ်တာတွေမလုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်ထားပေမယ့်လည်း နိုင်ငံရေးပါတီတွေလူစုလူဝေးနဲ့ အပြိုင်အဆိုင် မဲဆွယ်နေကြပါတယ်။
ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပေါင်း ၂၀ ကျော်ပဲ လိုတော့တဲ့အချိန်မှာ နိုင်ငံရေးပါတီတွေကြား ခိုက်ရန်ဖြစ်ပွားတာတွေလည်း ပိုပိုများလာပြီး အောက်တိုဘာလ ၁၀ ရက်နေ့က ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ NLD ပါတီဝင်တွေနဲ့ ကြံခိုင်ရေးပါတီဝင်တွေကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီး NLD ပါတီဝင် ၁၅ ဦး နဲ့ ကြံ့ခိုင်ရေးပါတီဝင် ကိုးဦးဒဏ်ရာရခဲ့တယ်လို့ သက်ဆိုင်ရာပါတီတာဝန်ရှိသူတွေက RFA ကို ပြောထားပါတယ်။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာလည်း ရွေးကောက်ပွဲဝင်မယ့် NLD အမတ်လောင်း သုံးဦးကို လက်နက်ကိုင်လူတချို့က ဖမ်းသွားတာ ဒီနေ့ထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးသလို ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာလည်း တရားဝင်ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
--------------------------------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)