AA အလိုမရှိကြောင်း ကန့်ကွက်မှုတွေလုပ်ဖို့ မာန်အောင်ဒေသခံတွေ ဖိအားပေးခံရ
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှာရှိတဲ့ သစ်ပုံရွာက ဒေသခံတွေကို AA ကို ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးခိုင်းသလို AA အလိုမရှိဆိုတဲ့ စာသားကိုရေးပြီး နေအိမ်တွေမှာ ကပ်ထားကြဖို့လည်း စစ်ကောင်စီတပ်က ဖိအားပေးခိုင်းစေမှုတွေရှိနေတယ်လို့ ဒေသခံတွေက ဧပြီလ ၉ ရက်နေ့မှာ ပြောပါတယ်။
-
RFA Burmese
2024-04-09 -
-
-
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှာရှိတဲ့ သစ်ပုံရွာက ဒေသခံတွေကို ရက္ခိုင့်တပ်တော် AA ကို ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးခိုင်းသလို AA အလိုမရှိဆိုတဲ့ စာသားကိုရေးပြီး နေအိမ်တွေမှာ ကပ်ထားကြဖို့လည်း စစ်ကောင်စီတပ်က ဖိအားပေးခိုင်းစေမှုတွေရှိနေတယ်လို့ ဒေသခံတွေက ဧပြီလ ၉ ရက်နေ့မှာ ပြောပါတယ်။
အိမ်ခြေ ငါးရာခန့်ရှိတဲ့ သစ်ပုံရွာကို စစ်တပ်နဲ့ ရဲအင်အား သုံးဆယ်ခန့်ပါတဲ့ စစ်ကြောင်းတစ်ခု ဧပြီလ ၇ ရက်နေ့ နေလယ်ပိုင်းမှာ ရောက်လာပြီး တစ်အိမ်တစ်ယောက် အစည်းအဝေးခေါ်ယူကာ ကျေးရွာအုပ်ချုပ်ရေးမှုးကနေတစ်ဆင့် AA ကို ကန့်ကွက်ကြောင်း လက်မှတ်တွေ ရေးထိုးခိုင်းတာလို့ ဆိုပါတယ်။
AA ကို ကန့်ကွက်ကြောင်း ခိုင်းစေချက်တွေကို မလိုက်နာရင် အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ လုံခြုံရေးအရ အမည်ဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကောင်စီရဲ့ စီမံအုပ်ချုပ်တဲ့ဌာနက ဗိုလ်မှူးတစ်ယောက် ပါတယ်။ နောက်ပြီးတော့ ကမုံတောင်တပ်စခန်းက ဗိုလ်မှူးတစ်ယောက် ပါတယ်။ ရဲကတော့ အဲဒီသစ်ပုံရွာက စခန်းမှူးပါတယ်။ ရွာသားတွေကို အစည်းအဝေး ခေါ်ပြီးတော့ ဘာကိုဆွေးနွေးလဲဆိုရင် AA ကို အလိုမရှိဆိုတာကို လုပ်ပေးရမယ်။ တကယ်လို့ မလုပ်ဘူးဆိုရင် ဖမ်းပြီးအရေးယူမယ်၊ လက်နက်ကြီးနဲ့ ပစ်မယ်ဆိုလို့ ပြောခဲ့တယ်”
အခုပြောဆိုမှုတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
မတ်လအတွင်းကတော့ စစ်တွေမြို့နဲ့ ဘူးသီးတောင်မြို့က ရိုဟင်ဂျာတွေ AA အလိုမရှိကြောင်း လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး အဲဒီကိစ္စနဲ့ပတ်သက်လို့ လူမျိုးရေးပဋိပက္ခဖြစ်အောင် စစ်ကောင်စီက ဖန်တီးနေတာလို့ AA ဘက်က တုံ့ပြန်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲကာလ ငါးလနီးပါးအတွင်း ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ် ပလက်ဝစတဲ့ မြို့နယ် ကိုးခုကို AA က သိမ်းပိုက်ထားပါတယ်။