စစ်ကောင်စီ လွတ်ငြိမ်းခွင့် နိုင်ငံရေးအကျဉ်းသား လေးရာခိုင်နှုန်းသာ ပါဝင်
ဧပြီ ၁၇ ရက်နေ့မှာ စစ်ကောင်စီက နိုင်ငံတစ်ဝန်း ထောင်တွေက အကျဉ်းကျနေသူ ၃,၃ဝ၃ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ခဲ့တာဖြစ်ပါတယ်။
-
RFA Burmese
2024-04-18 -
-
-
စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ လတ်တလော ပြုစုထားတဲ့ စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၁ဝ၁ ဦးသာပါဝင်ပြီး လေးရာခိုင်နှုန်းသာ ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
စစ်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာတော့ နိုင်ငံရေးအကျဉ်းသား တစ်ယောက်မှ မလွတ်ဘူးလို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက်တာဝန်ခံ ကိုသိုက်ထွန်းဦး က ပြောပါတယ်။
"ကျွန်တော်တို့ ဒီတစ်ခေါက်က လေးရာခိုင်နှုန်းဆိုပေမဲ့ အများဆုံးခန့်မှန်းထားတဲ့ ပမာဏ လက်ရှိမှာက သုံးရာခိုင်နှုန်းကျော်ကျော်ပဲရှိတယ်၊ ကျွန်တော်တို့ လက်လှမ်းမမှီတာ၊ စီစစ်တာရယ် အများဆုံးပါနိုင်တဲ့ပမာဏက လေးရာခိုင်နှုန်းပဲ၊ ဒီတစ်ခေါက်လွှတ်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားက တော်တော်နည်းတယ်။ နောက်တစ်ခုက စစ်ကိုင်းတိုင်းမှာဆိုရင် နိုင်ငံရေးအကျဉ်းသားပါဝင်မှာက တစ်ယောက်မှ မတွေ့ရဘူး။ စစ်ရေးအားဖြင့် အားကောင်းတယ်၊ သူတို့ကို တော်လှန်ပုံကန်တဲ့ ဒေသမှာရှိတဲ့ ထောင်တွေမှာ လုံးဝကို မပေးဘူး၊ ကျန်တဲ့ထောင်တွေ စစ်ရေးအားဖြင့် သူတို့ထိန်းချုပ်နိုင်တဲ့ ထောင်တွေမှာတော့ အနည်းအကျဉ်းပါတာ တွေ့ရတယ်"
ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာရှိတဲ့ အကျဉ်းထောင်တွေနဲ့ ရဲဘက်စခန်းတွေကနေ အကျဉ်းကျနေသူ ၃,၃ဝ၃ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ခဲ့တာဖြစ်ပါတယ်။
ပြစ်မှုထပ်ကျူးလွန်ရင် ကျန်ရှိတဲ့ ပြစ်ဒဏ်တွေအတွက်ပါ ထပ်ပေါင်းကျခံရမယ့် ပုဒ်မ ၄ဝ၁ (၁) နဲ့ လွှတ်ပေးတာ ဖြစ်ပါတယ်။
အဲဒီလိုပြန်လည်လွတ်မြောက်လာတဲ့အထဲက ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကိုတော့ ဧပြီလ ၁၇ ရက်ညပိုင်းမှာပဲ စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးသွားပါတယ်။ ဒေါက်တာခလမ်ဆမ်ဆွန်အပြင် သူ့ရဲ့ ဇနီးနဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် (PCG) အဖွဲ့ဝင်တစ်ယောက်ပါ ဖမ်းဆီးခံခဲ့ရတာလို့ KBC တာဝန်ရှိသူတစ်ဦးက RFA ကို ပြောထားပါတယ်။
ဒီတစ်ခေါက် လွတ်ငြိမ်းချမ်းသာခွင့်ပေးရာမှာ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်တဲ့သူတွေ မပါဝင်အောင် ပုဒ်မတွေကို ကန့်သတ်ပြီး လွှတ်ပေးလိုက်တာလို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
ပြန်လည်လွတ်မြောက်လာသူအားလုံးက လွတ်ရက်နီးနေသူတွေသာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
လွှတ်ပေးလိုက်တဲ့အထဲ နိုင်ငံရေးအကျဉ်းသားအများဆုံးပါဝင်တဲ့ထောင်ကတော့ ရမည်းသင်းထောင်က ၁၉ ဦး၊ အင်းစိန်ထောင်က ၁၈ ဦး၊ သရက်ထောင်က ၁၁ ဦး၊ စစ်တွေထောင်က ၁ဝ ဦး၊ ဖျာပုံထောင်က ရှစ်ဦးနဲ့ အများဆုံးပါဝင်ခဲ့ပြီး စစ်ကိုင်းတိုင်းက အကျဉ်းထောင်တွေမှာတော့ နိုင်ငံရေးအကျဉ်းသား လုံးဝမပါဝင်ခဲ့ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီလ ၁၈ ရက်နေ့ထိ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသူ (၂၆,၅၃၄ ဦး ) နှစ်သောင်းကျော်ရှိပြီး (၈,၉၃၁ ဦး) တစ်သောင်းနီးပါးဟာ ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။