မဟန်နီဦး ကျန်းမာရေးချို့ယွင်း

ရှမ်းပြည်နယ် လားရှိုးထောင်မှာ အကျဉ်းကျခံနေရတဲ့ ၂ဝဝ၇ မျိုးဆက် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တဦး ဖြစ်တဲ့ မဟန်နီဦးဟာ ထောင်တွင်း အစားအသောက် တွေကြောင့် အစာအိမ်ရောဂါ ဝေဒနာ ခံစားနေရတယ် လို့ ဇူလိုင်လ ၂၂ ရက်နေ့က ထောင်ဝင်စာ သွားတွေ့ခဲ့ တဲ့ ဖခင် ဦးထွန်းဦးက RFA ကို ပြောပါတယ်။

“ကျန်းမာရေးကတော့ အစာအိမ်ဖြစ်တယ်။ ထင်းတွေက ရေစိုတယ်တဲ့။ ရေစိုတဲ့အတွက် ထမင်းကလည်း မာတယ်၊ မနပ်တနပ်ဖြစ်တယ်တဲ့။ အဲဒါကို တင်ပြတာ တလလောက်ရှိသွားပြီ။ တင်ပြပေမယ့် ဘယ်သူကမှ ဘာမှ တာဝန်ယူလုပ်ပေးတာ မတွေ့ရဘူးဆိုပြီး စိတ်ထဲမှာ မကျေမနပ် ဒေါသဖြစ်တဲ့ ပုံစံရှိတယ်။ အစာအိမ် သက်သာအောင် သောက်တဲ့ဆေးကလည်း ဆက်တိုက်သောက်ရင် မကောင်းဘူးတဲ့။ အဲဒါနဲ့ ဆေးလည်း လျှော့ထားရတယ်။ မနေ့က ကျနော်နဲ့တွေ့တဲ့အထိတော့ ဘာမှ စီစဉ်ဆောင်ရွက်ပေးတာ မရှိဘူးတဲ့”

မဟန်နီဦးဟာ လေးဘက်နာ ဝေဒနာကိုလည်း ခံစားနေရပြီး ကျန်းမာရေး စစ်ဆေးပေးမယ့် ဆရာဝန်ကို စောင့်ဆိုင်းနေရဆဲပဲလို့ သိရပါတယ်။

ဥပဒေနောက်ဆုံးနှစ် ကျောင်းသူဖြစ်တဲ့ မဟန်နီဦးဟာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဖြိုခွဲခံရအပြီး ၂ဝဝ၇ ခုနှစ် အောက်တိုဘာလမှာ အဖမ်းဆီးခံရပြီးနောက် ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၂၄ (က)၊ (၆)တို့နဲ့ ထောင်ဒဏ် ၉ နှစ်ခွဲ ချမှတ်ခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org