ထောင်ရှေ့မှာ သွားစောင့်ပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မလာ

နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတွေ ဒီကနေ့မှာ ပြန်လွတ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်ဟာ လက်တွေ့မှာ ဖြစ်မလာဘူးလို့ အကျဉ်းထောင်တွေ ရှေ့ကို သွားရောက် စောင့်ဆိုင်းခဲ့ကြသူတွေက ပြောပါတယ်။

အစိုးရသစ်၏ လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် မေလ ၁၇ ရက်နေ့တွင် နာမည်ကျော် အင်းစိန်ထောင်ကြီးမှ လွတ်မြောက်လာသော အကျဉ်းသားများ ဖြစ်ပါသည်။ (Photo: AFP) Photo: AFP

နိုဝင်ဘာ ၁၂ ရက်စွဲနဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ သမ္မတထံ အိတ်ဖွင့်ပေးစာ ထွက်ပေါ်လာတာကြောင့် မျှော်လင့်တကြီး သွားစောင့်ခဲ့ကြတာပါ။

ရန်ကုန် အင်းစိန် အကျဉ်းထောင်မှာ ရာဇဝတ်မှုနဲ့ အကျဉ်းကျခဲ့သူ ၁၀ ဦးနီးပါ ရက်စေ့လို့ ဒီကနေ့ ပြန်လွှတ်ပေးခဲ့ပေမဲ့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အရ ပြန်လွတ်လာသူ တစ်ယောက်မှ မရှိဘူးလို့ အကျဉ်းထောင်ရှေ့ တစ်နေကုန် သွားစောင့်နေခဲ့တဲ့ အကျဉ်းသား မိသားစုဝင်တစ်ဦးက အာရ်အက်ဖ်အေကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်း ကတော့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က သမ္မတထံ မေတ္တာရပ်ခံတဲ့ အိတ်ဖွင့်စာပေးပြီး နောက်တစ်ရက်မှာပဲ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်အရ အကျဉ်းသား ၆၃၀၀ ကျော် ပြန်လွှတ်ပေးခဲ့ ပါတယ်။

ဒီလိုမျှော်လင့်ရင်း နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်လာမလား ဆိုပြီး ဒီကနေ့ မနက်က မန္တလေး အိုးဘို အကျဉ်းထောင်မှာ သွားစောင့်နေခဲ့တဲ့ မန္တလေးတိုင်း အင်န်အယ်လ်ဒီ စည်းအဖွဲ့ဝင် ဦးမျိုးနိုင်ကလည်း ထောင်နားဝန်းကျင် မေးမြန်းကြည့်တော့ ဒီနေ့ လွှတ်မဲ့အစီအစဉ် မရှိဘူး ဆိုလို့ ပြန်လာခဲ့ရတဲ့ အကြောင်း ပြောပြပါတယ်။

ရန်ကုန် နိုင်ငံရေး အသိုင်းအဝိုင်းမှာတော့ နိုဝင်ဘာ ၁၈ ရက် မတိုင်ခင် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်လာနိုင်တယ် ဆိုပြီး မိသားစုတွေက မျှော်လင့်နေကြောင်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org