နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ဖို့ အမေရိကန် အစိုးရ မျှော်လင့်
ဒီတခေါက် သမ္မတ ဦးသိန်းစိန်ရဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်မှာ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးဖို့ မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိူးသမီး Victoria Nuland က မနေ့က ကျင်းပတဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
-
2011-10-11 -
-
-
မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ လွတ်မြောက်လာတာကို အမေရိကန် ပြည်ထောင်စုက မြင်တွေ့ချင်ပါတယ်။ မြန်မာနိုင်ငံမှာ အရင်ကလည်း အခုလိုမျိူး အကျဉ်းသားတွေကို လွတ်ပေးတဲ့ အကြိမ်တွေ အများအပြား ရှိခဲ့ပါတယ်။
ဒါကြောင့် ဒီတစ်ကြိမ်မှာ ဘယ်သူတွေကို
လွှတ်ပေးမလဲ ဆိုတာ အမေရိကန် အစိုးရက သေသေချာချာ စောင့်ကြည့်နေပါတယ်။ နောက်ပြီး နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ လွတ်မြောက်လာဖို့လည်း မျှော်လင့်နေပါတယ်လို့ Ms. Nuland က ပြောသွားပါတယ်။
နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေး ကိစ္စဟာ အမေရိကန် အနေနဲ့ မြန်မာ အစိုးရကို အစဉ်တစိုက် တိုက်တွန်း တောင်းဆိုနေတဲ့ အချက်တခု ဖြစ်တယ်လို့လည်း Victoria Nuland က သတင်းထောက်တွေကို ပြောပါတယ်။
ဒီကနေ့စတင်လွှတ်ပေးမယ့် အကျဉ်းသားတွေထဲမှာ နယ်ဝေးထောင် အသီးသီးကို ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသား (၃၀၀) ကနေ (၆၀၀) နီးပါးရှိမယ်လို့ အကျဉ်းထောင်တွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ခန့်မှန်းထားပါတယ်။