ဟင်္သာတနဲ့ မြိတ်မြို့တို့မှာ အချုပ်သားများ ကြိုတင်မဲပေး
ဟင်္သာတမြို့ အကျဉ်းထောင်မှာ တရား ရင်ဆိုင်ဆဲ အချုပ် သားတစ်ရာကျော်အနက် က ဒေသခံအချုပ်သား ၆၁ ဦးတို့ မနေ့က ကြိုတင်မဲပေးကြပါတယ်။
-
2015-11-07 -
-
-
ဟင်္သာတမြို့ အကျဉ်းထောင်မှာ တရားရင်ဆိုင်ဆဲ အချုပ်သားတစ်ရာကျော်အနက်က ဒေသခံအချုပ်သား ၆၁ ဦးတို့ မနေ့က ကြိုတင်မဲပေးကြပါတယ်။
အခြားဒေသကနေ ဟင်္သာတမြို့နယ်မှာ ပြစ်မှုကျူးလွန်ပြီး အချုပ်ကျနေသူတွေကို သက်ဆိုင်ရာ မြို့နယ်တွေထံ အကြောင်းကြားပြီး ကြိုတင်မဲပေးနိုင်ဖို့အတွက် ဆောင်ရွက်ပေးတယ်လို့ ဟင်္သာတအကျဉ်းထောင် ဦးစီးအရာရှိ ဦးအေးနိုင်က ပြောပါတယ်။
"ဟင်္သာတ တစ်မြို့နယ်တည်းပဲ ဒီမှာတော့လေ၊ လူဦးရေကတော့ ၆၁ ယောက်ပေါ့၊ အရွယ်တွေကတော့ တစ်ပြည်လုံးကနေ ဥပမာ ရခိုင်တို့ဘာတို့ အစုံပါပါတယ်၊ ပါတဲ့အခါ ပုံစံ ၁၅ ဆိုတာရှိတယ်၊ ပုံစံ ၁၅ မှာ သူတို့ရဲ့ ကိုယ်ရေးရာဇဝင်ပေါ့လေ၊ ကိုယ်ရေးရာဇဝင်ဖြည့်ပြီးတော့ အဲ့ဒီနေရပ်လိပ်စာအတိုင်းကို ပို့ပေးရတယ်၊ ပို့ပေးတဲ့အခါမှာ သူတို့သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ခွဲကနေပြီးတော့ စိစစ်တယ်၊ အဲ့မြို့ကလည်း မှန်တာ၊ သိတယ်ဆိုရင် ကျနော်တို့ဆီကို ဆန္ဒမဲကတ်ပေးလိုက်တယ်၊ သူတို့ဆန္ဒပြုဖို့ ဆိုပြီးတော့၊ သူတို့ဆန္ဒပြုပြီးတော့ ကျနော်တို့ ပြန်ပို့ပေးရတယ်"
အကျဉ်းထောင်အတွင်း အချုပ်သား ၁၂၇ ဦးရှိပြီး မဲပေးချင်တယ်လို့ ဆန္ဒပြုသူ ၉ဝ ကျော်ရှိတယ်လို့ ပြောပါတယ်။
ဒေသခံအချုပ်သားတွေရဲ့ ကြိုတင်မဲတွေကို သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်တွေက လာရောက်ကောက်ယူကြ ပါတယ်။ ကျန်တဲ့ဒေသက ကြိုတင်မဲတွေကိုတော့ စာတိုက်ကနေတဆင့် ပေးပို့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဟသာၤတမြို့ ပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသနေတဲ့ မနာကျန်းသူ တစ်ရာကျော် ကလည်း ကြိုတင်မဲပေးခဲ့ကြပြီး အဲ့ဒီလိုကြိုတင်ဆန္ဒမဲပေးတာတွေကို ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်သူတွေ နဲ့ နိုင်ငံရေးပါတီဝင်တွေကို လေ့လာစောင့်ကြည့်ခွင့်ပြုခဲ့ပါတယ်။
အလားတူပဲ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာလည်း အကျဉ်းထောင်ထဲမှာ အချုပ်သားတစ်ရာ ကျော်ရှိပြီး ကြိုတင်မဲပေးကြတယ်လို့ သိရပါတယ်။