အလင်းနဲ့ရေးတဲ့ပန်းချီ ဓာတ်ပုံပြပွဲ ဒေါ်အောင်ဆန်းစုကြည်ဖွင့်လှစ်

အလင်းနဲ့ရေးတဲ့ပန်းချီ ဓာတ်ပုံပြပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရွှေဂုံတိုင်ဌာနချုပ်မှာ မေလ ၂၃ ရက် ဒီကနေ့ ဖွင့်လှစ် ပြသခဲ့ပါတယ်။ ဒီပြပွဲရဲ့အဓိက ရည်ရွယ်ချက်က ဓာတ်ပုံပညာရှင် ကွန်ရက်သဘောမျိုး အပြန်အလှန် ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ခြေလှမ်း စတင်လိုက်တာ ဖြစ်တယ်လို့ ပြပွဲစီစဉ်တဲ့ NLD ပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုးက ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးတွင် ခင်းကျင်းပြသသော အလင်းနဲ့ရေးတဲ့ပန်းချီ ဓာတ်ပုံပြပွဲကို မေလ ၂၃ ရက်နေ့က အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ဖွင့်လှစ်ပေးပြီးနောက် ပြသထားသော ဓာတ်ပုံများကို ကြည့်ရှုနေပုံ ဖြစ်ပါသည်။ (Photo: AFP) Photo: AFP

“ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေးပါတီ အဖွဲ့အစည်းတခု။ ဒီအဖွဲ့အစည်းက လုပ်ဆောင်နေတဲ့ ပြန်ကြားရေးအဖွဲ့က ဓာတ်ပုံ ပညာရှင်တွေနဲ့ ပြင်ပက လူငယ် လူကြီး ဓာတ်ပုံပညာရှင်တွေနဲ့ဟာ တယောက်နဲ့ တယောက် ပူးပေါင်းဆောင်ရွက်တယ် ဆိုတဲ့ အသွင်သဏ္ဌာန်ကို ကျွန်တော်တို့ ဖော်ဆောင်တာ ဖြစ်ပါတယ်။

“နောက် ဒေါ်အောင်ဆန်းစုကြည်၊ အထွေထွေ အတွင်းရေးမှူး ပြောပြောနေတဲ့ network ပေါ့နော်၊ အဲဒီ network ကိုလည်း ကျွန်တော်တို့က ပုံသဏ္ဌာန်တမျိုးနဲ့ တည်ဆောက်တာ ဖြစ်ပါတယ်။

နာမည်ကြီး ဓာတ်ပုံဆရာတွေဖြစ်တဲ့ picture ခင်မောင်လေး၊ သက်ထူး၊ လူငယ်ဓာတ်ပုံပညာရှင် မိုးလှိုင်ညတို့ အပါအဝင် ဓာတ်ပုံပညာရှင် ၃၂ ဦးရဲ့ ပြောင်မြောက်တဲ့ လက်ရာတွေကို ခင်းကျင်း ပြသထားပါတယ်။ ပြပွဲမှာ သဘာဝပတ်ဝန်းကျင်၊ ရှုမျှော်ခင်းပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံအပါဝင် စုစုပေါင်း ဓာတ်ပုံ ၉၈ ပုံ ပြသထားပါတယ်။ ဓာတ်ပုံတပုံကို မြန်မာကျပ်ငွေ ငါးသောင်းထိ တန်ဖိုးရှိတယ်လို့ သိရပါတယ်။ ပြပွဲမှာ ရောင်းလို့ ရတဲ့ ရန်ပုံငွေတွေကို ဓာတ်ပုံပညာရှင်တွေအနေနဲ့ NLD လူမှုအထောက်အကူပြု အဖွဲ့လုပ်ငန်းအတွက် ပေးအပ် လှူဒါန်းမှာ ဖြစ်ပါတယ်။

ဒီကနေ့ ဖွင့်ပွဲ အခမ်းအနားကို အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org