ပုဂ္ဂလိကတက္ကသိုလ်တွေ University အမည်ဖြုတ်ဖို့ စစ်ကောင်စီ ညွှန်ကြား
ပုဂ္ဂလိက တက္ကသိုလ်ကျောင်းအားလုံးကို တက္ကသိုလ်အဆင့်ကနေ ကောလိပ်အဆင့်သတ်မှတ်ဖို့ ဇူလိုင် ၂၆ နေ့က စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့တာလို့ ဆိုပါတယ်။
-
RFA Burmese
2024-08-02 -
-
-
ရန်ကုန်မြို့က ပုဂ္ဂလိက တက္ကသိုလ်တွေဖြစ်တဲ့ Strategy First University နဲ့ Myanmar Imperial University တို့အပါအဝင် ပုဂ္ဂလိက တက္ကသိုလ်ပေါင်း လေးဆယ်ကျော်ကို စစ်ကောင်စီက University အမည်ဖြုတ်ချဖို့ ညွှန်ကြားထားတယ်လို့ ပုဂ္ဂလိကတက္ကသိုလ် တာဝန်ခံတွေက RFA ကို ပြောပါတယ်။
အဲဒီ ပုဂ္ဂလိက တက္ကသိုလ်ကျောင်းအားလုံးကို University (တက္ကသိုလ်) အဆင့်ကနေ College (ကောလိပ်) အဆင့်သတ်မှတ်ဖို့ ဇူလိုင်လ ၂၆ နေ့က စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့တာလို့ ဆိုပါတယ်။
အမိန့်ညွှန်ကြားစာထဲမှာ University ကနေ College ဖြုတ်ချဖို့ တိကျခိုင်မာတဲ့ အကြောင်းပြချက်မပါဘူးလို့လည်း ပုဂ္ဂလိက တက္ကသိုလ်ကျောင်းတစ်ခုက တာဝန်ခံ ဆရာမတစ်ဦးက RFA ကို ပြောပါတယ်။
"University တွေက လိုအပ်ချက်ရှိလို့ ကောလိပ်အဆင့်နဲ့ ခွင့်ပြုတယ်ပေါ့။ University တွေကနေ အမည်ပြောင်းလဲဖွင့်လှစ်ဖို့ ဆိုပြီး မှတ်ချက်နဲ့ ပို့လာတာပါ။ တခြား ဘာအကြောင်းပြချက်မှလည်း မပါပါဘူး"
ဒီလုပ်ဆောင်ချက်က ပုဂ္ဂလိက တက္ကသိုလ်ကျောင်းအားလုံးဟာ စစ်ကောင်စီက ဖွင့်ထားတဲ့ ကျောင်းတွေလောက် အဆင့်မမီတဲ့အခြေအနေကို ပြချင်တာဖြစ်တဲ့အကြောင်း ရန်ကုန်မြို့က ပုဂ္ဂလိက တက္ကသိုလ်ကျောင်း တာဝန်ခံတစ်ဦးကလည်း ပြောပါတယ်။
ပုဂ္ဂလိက တက္ကသိုလ်တွေ မှာ စီးပွားရေးဆိုင်ရာ ဘာသာရပ်တွေ အများဆုံးသင်ကြားပြီး နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး အဆင့်မီသင်ကြားရေးတွေလည်း ရှိပါတယ်။
စစ်တပ်အာဏာမသိမ်းခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တုန်းက ဒီလို တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေမရှိဘဲ စစ်တပ်အာဏာသိမ်းပြီးနောက် ပုဂ္ဂလိက တက္ကသိုလ်တွေမှာ ပြဋ္ဌာန်း ဘာသာရပ်တွေကို စစ်ဆေးတာလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေနဲ့ နိုင်ငံတကာကျောင်း (International School) တွေမှာ နေ့စဥ် နိုင်ငံတော်အလံ အလေးပြုပြီး နိုင်ငံတော်သီချင်း ဆိုရမယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၆ နေ့မှာ ညွှန်ကြားခဲ့ပါတယ်။