NDF ပါတီ အနိုင်ရ ကိုယ်စားလှယ်ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တရားစွဲ
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်အတွက် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) ကနေ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့တဲ့ ဒေါက်တာ မြတ်ဉာဏစိုးကို ရှုံးနိမ့်သွားခဲ့တဲ့ ပြိုင်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် စာရေးဆရာ တက္ကသိုလ် မြတ်သူက ရွေးကောက်ပွဲ မသမာမှုနဲ့ တရားစွဲဆိုလိုက်တယ်လို့ NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက RFA ကို ဇန်နဝါရီ ၁၂ ရက် ဒီကနေ့ ပြောပါတယ်။
-
2011-01-12 -
-
-
Your browser doesn’t support HTML5 audio
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးမြတ်သူရဲ့ တရားစွဲဆို တိုင်တန်းချက် မိတ္တူကို ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်က မနေ့က ခေါ်ယူပေးအပ်ခဲ့တာလို့ တရားစွဲခံရတဲ့ NDF ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။
“ကျွန်တော့ကို ရန်ကုန်တိုင်း ကော်မရှင်ကနေပြီးတော့ သူတိုင်တဲ့ တိုင်ချက်တွေကို ကျွန်တော့ကို ပေးပါတယ်ခင်ဗျ။ သူတိုင်ထားတာကတော့ ၇ ချက် ၈ ချက်လောက် ရှိပါတယ်။ အဲဒီတော့ ကျွန်တော်က ၂၆ ရက်နေ့ကျရင် နေပြည်တော်မှာ သွားပြီးတော့ ဒီဟာကို ခုခံချေပရမှာ ဖြစ်ပါတယ်။ ကျွန်တော် ထုချေလွှာကိုတော့ လေးရက် ကြိုတင်ရမယ်ဆိုတော့ ဒီလ ၂၀ ရက်နေ့ ဝန်းကျင်လောက်တော့ တင်ပါမယ်ခင်ဗျ။”
ဒေါက်တာ မြတ်ဉာဏစိုးဟာ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်နဲ့ ဒေါပုံ ၅ မြို့နယ်ကို ကိုယ်စားပြုပြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၄) က ဝင်ရောက် ယှဉ်ပြိုင်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာ မြတ်ဉာဏစိုးအပေါ် အခုလိုတရားစွဲဆိုမှုဟာ NDF ပါတီကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပထမဆုံး တရားစွဲဆိုမှုလည်း ဖြစ်ပါတယ်။
စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ မနှစ်က နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ ၇၄ ရာနှုန်း အနိုင်ရရှိတယ်လို့ ကြေညာထားပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ-မြန်မာနဲ့ NDF အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု စတဲ့ ပြိုင်ဖက်ပါတီအသီးသီးက အနိုင်ရလွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးခန့်ကို ရွေးကောက်ပွဲ မသမာမှုတွေနဲ့ တရားစွဲဆိုထားပါတယ်။
တရားစွဲဆိုခံရတဲ့ NDF ပါတီရဲ့ အထက်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက် |
|
အသံဖိုင်ယူရန် |