ရွေးကောက်ပွဲကော်မရှင် အစည်းအဝေးကို စစ်တပ်လိုလားတဲ့ ပါတီငယ်အများစုသာ တက်ရောက်ဖို့ရှိ

အချိုးကျကိုယ်စားပြု Proportional Representation – PR စနစ်ကို ဆွေးနွေးမယ့်၊ စစ်ကောင်စီခန့်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဒုတိယအကြိမ် အစည်းအဝေးကို စစ်တပ်လိုလားတဲ့ နိုင်ငံရေးပါတီငယ်အများစုက တက်ရောက်ဖို့ စီစဉ်နေပြီး၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အင်အားကြီးပါတီတွေဖြစ်တဲ့ NLD နဲ့ SNLD အပါအဝင် ဒီမိုကရေစီလိုလားတဲ့ ပါတီအနည်းစုက မတက်ရောက်ဘဲ ဆက်လက်သပိတ်မှောက်ဖို့ ဆုံးဖြတ်ထားကြပါတယ်။

နောက်ထပ်ရွေးကောက်ပွဲ အလိုမရှိကြောင်း ရန်ကုန်မြို့ အင်ဒိုနီးရှားသံရုံးရှေ့မှာ ၂၀၂၁ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဆန္ဒပြစဉ်

အချိုးကျကိုယ်စားပြု Proportional Representation – PR စနစ်ကို ဆွေးနွေးမယ့်၊ စစ်ကောင်စီခန့်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဒုတိယအကြိမ် အစည်းအဝေးကို စစ်တပ်လိုလားတဲ့ နိုင်ငံရေး ပါတီငယ်အများစုက တက်ရောက်ဖို့ စီစဉ်နေပြီး၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အင်အားကြီးပါတီတွေဖြစ်တဲ့ NLD နဲ့ SNLD အပါအဝင် ဒီမိုကရေစီလိုလားတဲ့ ပါတီအနည်းစုက မတက်ရောက်ဘဲ ဆက်လက်သပိတ် မှောက်ဖို့ ဆုံးဖြတ်ထားကြပါတယ်။

ထူးခြားတာကတော့ ဒီဒုတိယအကြိမ် အစည်းအဝေးကို အရင်ကတက်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP က တက်မှာမဟုတ်တော့ဘဲ၊ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ပါတီက တက်ရောက်ဖို့ ဆုံးဖြတ်လိုက်တာပဲ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ဟာ၊ လာမယ့် မေလ ၂၁ ရက်နေ့မှာ နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံပြီး အချိုးကျကိုယ်စားပြု PR စနစ်ကို ဆွေးနွေးဖို့ စီစဥ်ထားပါတယ်။

ထူးခြားတာကတော့ ပထမအကြိမ်အစည်းအဝေးမှာ တက်ရောက်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP က၊ ဒီဒုတိယ အကြိမ်အစည်းအဝေးကို မတက်တော့ဘဲ၊ ၈၈ မျိုးဆက်နိုင်ငံရေးအကျဉ်းသားဟောင်း အများစုနဲ့ဖွဲ့စည်းထား တဲ့ ပြည်သူ့ပါတီက အစည်းအဝေးတက်ဖို့ ဆုံးဖြတ်လိုက်တာပဲ ဖြစ်ပါတယ်။

ဒီတစ်ခါအစည်းအဝေးမှာ ပြည်သူ့ပါတီအနေနဲ့ “ရွေးကောက်ပွဲကော်မရှင်နဲ့ ဆက်ဆံရေးဖွင့်ထားဖို့၊ ပါတီရဲ့ ရပ်တည်ချက် သဘောထားတွေကို ပြောသင့်တာပြောဖို့၊ အများသဘောတူညီချက်နဲ့ တက်မှာဖြစ်တယ်” လို့ ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။

“အာဏာသိမ်းချိန်ကတည်းက အာဏာသိမ်းမှုကို ဆန့်ကျင်တယ်။ အာဏာသိမ်းကိစ္စမှာ ပူးပေါင်းပါဝင်မှု လုံး၀ မလုပ်ဘူး။ နောက်ပိုင်းဖိတ်ကြားချိန်မှာလည်း မတက်ခဲ့ဘူး။ အခု သုံးလကြာပြီးချိန်မှာ နိုင်ငံရေး ပါတီများရဲ့ ဆောင်ရွက်နိုင်စွမ်း အခန်းကဏ္ဍပေါ့။ ကျွန်တော်တို့က မတက်ဘူး ဘာမှလည်း မပြောဘူးဆို တာမျိုး တိတ်နေတာထက်စာရင် တက်ပြီးတော့ပြောမယ်။ လုပ်မယ်ဆိုတာမျိုးက ပါတီတစ်ခုရဲ့ နိုင်ငံရေး သဘောထား ရပ်တည်ချက်ကို သူတို့ကို မျက်နှာချင်းဆိုင် ပြောဆိုခွင့် အတိအလင်းထုတ်ပြန်ပြောကြားခွင့် နည်းလမ်းကိုသုံးပြီးတော့ ကိုယ့်ရဲ့နိုင်ငံရေးယုံကြည်ချက်ကို ဆက်လက်ဆောင်ရွက်မယ်လို့ စဉ်းစားတာ ဖြစ်ပါတယ်"

အစည်းအဝေးတက်တဲ့အခါ ဘယ်အကြောင်းအရာကို ဆွေးနွေးမယ်ဆိုတာ အတိကျ မသိရသေးတဲ့အတွက် ဆွေးနွေးပွဲပြီးချိန်မှာ သတင်းထုတ်ပြန်သွားမယ့်အကြောင်း၊ လူတွေ ထိခိုက်သေဆုံးမှုတွေကို စိတ်ထိခိုက်ရုံနဲ့ မပြီးဘဲ ရလဒ်ထွက်လာအောင် လုပ်ဖို့လိုကြောင်းနဲ့ ရှေ့ဆက်ရမယ့်ခရီးမှာ အားလုံးအတွက် လေ့လာစရာတွေ ရှိတယ်လို့လည်း ဦးကိုကိုကြီးက ပြောသွားပါတယ်။

ပြည်သူ့ပါတီရဲ့ ဒီဆုံးဖြတ်ချက်ကြောင့် UEC နဲ့ အစည်းအဝေးတက်မှာကို သဘောမတူတဲ့ ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင် အပါအဝင် ပါတီဝင်တချို့ နုတ်ထွက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက် ပထမအကြိမ်အစည်းအဝေးကို တက်ရောက်ခဲ့ပြီး၊ အခု ဒုတိယအကြိမ် အစည်းအဝေးကို မတက်မှာကတော့ ရခိုင်အမျိုးသားပါတီ ANP ဖြစ်ပါတယ်။

ရခိုင်ကနေ နေပြည်တော် သွားလာဖို့ လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံရေးအခြေအနေတွေ အပါအဝင် နိုင်ငံရေး အခြေအနေတွေကို စောင့်ကြည့်ဖို့အတွက် မတက်ဖြစ်တာလို့ ရခိုင်အမျိုးသားပါတီ တွဲဘက်အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။

“အရင်တစ်ခေါက်တုန်းက တက်ထားတယ်။ အခုတစ်ခေါက်ကျတော့ အစည်းအဝေးမှာ စဉ်းစားတာက ကျွန်တော်တို့ရခိုင်ကနေ သွားလာဖို့နဲ့ မြန်မာနိုင်ငံရဲ့ လမ်းပန်းအခြေအနေ၊ ရန်ကုန် နေပြည်တော်သွားဖို့ အတွက် လမ်းခရီး လုံခြုံရေးအခြေအနေ အဘက်ဘက်က ဒါကို သတိကြီးကြီးနဲ့ စောင့်ကြည့်သင့်တယ်။ လုံခြုံရေးအခြေအနေနဲ့ အခြားနိုင်ငံရေးအခြေအနေတွေကို စောင့်ကြည့်သင့်တယ်လို့ CEC က ဆုံးဖြတ် တယ်လို့ သိရတယ်။ အဲဒီအခြေအနေတွေအပေါ်မှာ မူတည်ပြီး မတက်ဖြစ်ဘူး။”

သူပြောသလို လမ်းပန်းဆက်သွယ်ရေးနဲ့ လုံခြုံရေးအခြေအနေကြောင့်လား၊ အစည်းအဝေးမှာဆွေးနွေးမယ့် အချိုးကျ PR စနစ်ကို လက်မခံလို့ မတက်တာလားဆိုတာကိုတော့ ANP တွဲဘက်အတွင်းရေးမှူး ဦးထွန်းအောင်ကျော် က ရှင်းရှင်းလင်းလင်း ထုတ်ပြောသွားတာမျိုး မရှိပါဘူး။

၂၀၁၀၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး လွှတ်တော်တွေမှာ PR စနစ်ကို ကျင့်သုံးရေး ဆွေးနွေးခဲ့ကြပါ သေးတယ်။

အဲတုန်းကတော့ PR စနစ်ဟာ လောလောဆယ်ကျင့်သုံးဖို့အတွက် မသင့်တော်သေးဘူးဆိုပြီး ရခိုင်အမျိုးသား ပါတီ ANP နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့က ကန့်ကွက်ခဲ့ဖူးပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အများစုအနိုင်ရထားတဲ့ NLD နဲ့ တိုင်းရင်းသားအင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့ကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC လုပ်သမျ အစည်းအဝေးတွေကို လုံးဝ မတက်ရောက်ဘဲ သပိတ်မှောက်ထားဆဲဖြစ်ပါတယ်။

“စစ်အာဏာရှင်အပါဝင် ဘယ်အာဏာရှင်စနစ်ကိုမှ လက်မခံတဲ့ SNLD ရဲ့မူဝါဒအရ၊ UEC ရဲ့ အစည်း အဝေးကို တက်မှာမဟုတ်ဘူး” လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က ပြောပါတယ်။

“ကျွန်တော်တို့ SNLD ရဲ့ မူဝါဒတွေနဲ့ ချိန်ထိုးကြည့်လိုက်တဲ့အခါ မတက်သင့်ဘူးလို့ ယူဆတဲ့အတွက် မတက်ပါဘူး။ စစ်အာဏာရှင်မကဘူး အာဏာရှင်မှန်သမျှ ချုပ်ငြိမ်အောင်လုပ်ဆောင်မယ်ဆိုတဲ့ကိစ္စတွေ ရှိပါတယ်။ ကျနော်တို့ ထုတ်ပြန်ချက်တွေအရရော ပါတီမူဝါဒအရရော လောလောဆယ်တက်ဖို့ အစီအစဉ် မရှိသေးပါဘူး။”

အချိုးကျ ကိုယ်စားပြု (Proportional Representation - PR) စနစ်မှာလည်း ရွေးကောက်တင်မြောက်တဲ့ အမျိုးအစားကွဲပြားမှုတွေရှိနေပြီး၊ ဘယ်လို PR စနစ်ကို သုံးမယ်ဆိုတာလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ကြရဦးမှာဖြစ်တဲ့အတွက် ဒီစနစ်နဲ့ပတ်သက်လို့ မှတ်ချက်မပေးချင်ဘူးလို့လည်း ဦးစိုင်းကျော်ညွန့်က ပြော ပါတယ်။

တိုင်းရင်းသား ပါတီငယ်တစ်ခုဖြစ်တဲ့၊ လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုလည်း အဲဒီအစည်း အဝေး တက်ရောက်ဖို့ ဖုန်းနဲ့အပြင်၊ စာနဲ့ပါ ဖိတ်ကြားလာတာရှိပေမဲ့ မတက်ဘူးဆိုတဲ့အကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးကို အကြောင်းပြန်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

“လူထုက ဒီမိုကရေစီလမ်းကြောင်းအရ ရွေးချယ်ထားတာကို မျက်ကွယ်ပြုပြီးမှ၊ ရွေးကောက်ပွဲစနစ် ပြောင်းတာက နည်းလမ်းမကျဘူး” လို့ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါ်အေးသီတာမြင့် က ပြောပါတယ်။

“၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ကျမတို့အနေနဲ့ အားလုံးပါဝင်ပြီးတော့ ပြိုင်ပွဲဝင်ထားတယ်။ ကျမတို့ပါတီကလည်း အနိုင်ရပါတီထဲမှာပါတယ်။ ပါတီကြီးတွေကလည်း လူထုတွေရဲ့ ရွေးချယ်မှုကို ရခဲ့ကြတာပေါ့။ လူထုတွေရဲ့ ရွေးချယ်မှုကို မျက်ကွယ်ပြုပြီးတော့ အခုလိုမျိုး အာဏာသိမ်းပြီးတော့မှ ရွေးကောက်ပွဲစနစ်ကို ပြန်ပြင်မယ်၊ PR စနစ်တို့ နိုင်ငံရေးစနစ်တို့ ပြောင်းမယ်ဆိုတာက နည်းလမ်းမကျ ဘူးပေါ့နော်”

ဒီအစည်းအဝေးတွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ သဘောထားသိနိုင်ဖို့ RFA က NLD အမတ်တွေကို ကြိုးစားဆက်သွယ်ခဲ့ပေမယ့်၊ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် နဲ့ ဗဟိုအလုပ်အမှုဆောင်အားလုံးနီးပါးကို ဖမ်းဆီးထားတာမို့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်အမတ်တွေကလည်း အချို့အဖမ်းခံရ၊ အချို့လည်း စစ်တပ်က လိုက်လံဖမ်းဆီးတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေတွေကို ထွက်ပြေးရောက်ရှိနေတာမို့ UEC အစည်းအဝေးအပေါ် RFA ကနေ အမြင်သဘောထား မေးမြန်းနိုင်ခြင်း မရှိပါဘူး။

၂၀၂၀ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်လောက်အောင် မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ NLD ဟာ၊ စစ်တပ်က မဲရလဒ်ကို ငြင်းပယ်၊ အရပ်သားအစိုးရကို ဖြုတ်ချပြီး ခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်ကတည်းက စစ်ကောင်စီ ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ကော်မရှင်ကလုပ်တဲ့ အစည်းအဝေး တွေကို မတက်ရောက်ဘဲ ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကတော့ “ UEC ရဲ့ အစည်းအဝေးတွေဟာ စစ်ကောင်စီက တစ်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပေးမယ်ဆိုတဲ့အချက်ကို အတည်ပြုတဲ့သဘောမျိုးနဲ့ ကျင်းပနေတာ” လို့ သုံးသပ်ပါတယ်။

“တချို့ကျတော့လည်း များသောအားဖြင့် ရွေးကောက်ပွဲမှာ ဘာမှ အောင်မြင်မှုလည်းမရှိ အနိုင်လည်းမရ အခွင့်အလမ်းကိုရှာနေတဲ့ အင်အားစုကျတော့လည်း ဘာပဲဖြစ်ဖြစ် တကယ်လို့ကျင်းပဖြစ်ရင် သူတို့အနေနဲ့ နေရာရအောင် ဝင်ပြီးဖျာခင်းထားတဲ့ သဘောမျိုးလည်း ကောက်ယူရတာရှိပါတယ်။ ဒါကြောင့် တချို့ ကတော့ တက်ပါလိမ့်မယ်။ တချို့ကတော့ မတက်ပါဘူး။ သို့သော် အဲဒီအပေါ်မှာ အမြင်ကွဲလွဲတာတွေ ရှိပါတယ်။”

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့ကလုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ရဲ့ ပထမအကြိမ် အစည်းအဝေးကို စုစုပေါင်းနိုင်ငံရေးပါတီ ၉၁ ခုအနက် စစ်တပ်လိုလားတဲ့ နိုင်ငံရေးပါတီ ၅၃ ခုက တက် ရောက်ခဲ့ပြီး၊ NLD နဲ့ SNLD အပါအဝင် နိုင်ငံရေးပါတီ ၃၈ ခုက မတက်ရောက်ဘဲ သပိတ်မှောက်ခဲ့ပါတယ်။

ဒါ့ကြောင့် အခုလာမယ့် မေလ ၂၁ ရက် အစည်းအဝေးကို ဘယ်ပါတီတွေ တက်ရောက်ပြီး၊ ဘယ်ပါတီတွေ သပိတ်မှောက်မလဲဆိုတာကို နိုင်ငံရေးသမားတွေနဲ့ ပြည်သူအများစုက စိတ်ဝင်တစား စောင့်ကြည့်နေကြ ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org