အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ပေးဖို့ တင်ပြ
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်ကြတဲ့ KIA၊ MNDAA ၊ AA နဲ့ TNLA တပ်ဖွဲ့တွေကို အကြမ်းဖက် အဖွဲ့တွေအဖြစ် လွှတ်တော်က သတ်မှတ်ဖို့ ကာကွယ်ရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း က ပြောပါတယ်။
-
2016-12-02 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ် ကြတဲ့ KIA၊ MNDAA ၊ AA နဲ့ TNLA တပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် လွှတ်တော်က သတ်မှတ်ဖို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း က ပြောပါတယ်။
မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းရဲ့ အရှေ့မြောက်ဒေသကက တိုက်ပွဲတွေကြောင့် တည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေခြင်းတို့ကို လွှတ်တော်က စိုးရိမ်ကြောင်း အရေးကြီးအဆိုနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက ဆွေးနွေးအပြီးမှာ ကာကွယ်ရေးဝန်ကြီးက ပြည်သူ့လွှတ်တော်မှာ ပြောတာပါ။
အဲဒီအဖွဲ့လေးဖွဲ့ဟာ အကြမ်းဖက်မှုကို ကျူးလွန်တာဖြစ်လို့ NGO၊ INGO တွေက လူသားချင်း စာနာထောက် ထားခြင်း ခေါင်းစဉ်နဲ့ ထောက်ပံ့ပေးနေတာတွေကိုလည်း ရပ်ဆိုင်းပေးဖို့ လွှတ်တော်က တိုက်တွန်းသင့်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ဖွဲ့က လမ်းတံတားဖျက်ဆီးတာ၊ လမ်းကြောင်းပိတ်ဆို့တာတွေ၊ မြို့ရွာတွေ ကို နှောင့်ယှက်ဖျက်စီးတာတွေ၊ မိုင်းထောင်ဖောက်ခွဲတာ၊ အရပ်သားနဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်လို့ အရပ်သားပိုင်ကား ၆ စီး အပါအဝင် ကျပ်သိန်း ၅၈၀၀ နီးပါးဆုံးရှုံးတယ်လို့ ပြောပါတယ်။
ဒါ့အပြင် အရပ်သားနဲ့ ဝန်ထမ်း ဖမ်းဆီးသတ်ဖြတ်ခံရတာမှာ အမျိုးသမီး ၃ ဦး အပါအဝင် ၁၀ ဦး သေဆုံးပြီး အမျိုးသမီး ၁၁ ဦး အပါအဝင် ၃၉ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ပြောပါတယ်။
ကိုယ်စားလှယ် ၁၂ ဦးရဲ့ ဆွေးနွေးချက်တွေကို ပြည်ထဲရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့က ရှင်းလင်းအပြီးမှာ လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ထောက်ခံမဲ ၁၄၁ မဲ၊ ကန့်ကွက်မဲ ၂၄၄ မဲရှိတဲ့အတွက် ဒေါက်တာမောင်သင်း ရဲ့ အဆိုကို လွှတ်တော်က မှတ်တမ်းတင်တဲ့ အဆင့်အဖြစ်သာ ဆုံးဖြတ်ခဲ့ပါတယ်။