မန္တလေးတိုင်း NLD အဖွဲ့ဝင်များက ဆီမီးထွန်းပူဇော်ဆုတောင်းပွဲပြုလုပ်
မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ စစ်ပွဲတွေ ရပ်တန့်ရေးအတွက် ရည်ရွယ်ပြီး၊ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် မဟာအောင်မြေလူငယ်အဖွဲ့က ဦးဆောင်တဲ့ ဆီမီးထွန်းပူဇော်ဆုတောင်းပွဲတစ်ခုကို မန္တလေးမြို့၊ မဟာမြတ်မုနိဘုရားမှာ မနေ့ ညနေ (၆) နာရီက ပြုလုပ်ခဲ့ပါတယ်။
-
2012-11-01 -
-
-
အဲဒီဆုတောင်းပွဲကို ဦးဆောင်ကျင်းပခဲ့သူတစ်ဦးဖြစ်တဲ့ မဟာအောင်မြေလူငယ်အဖွဲ့ဝင် ကိုငြိမ်းချမ်းစိုးက မြန်မာပြည်ငြိမ်းချမ်းရေးအတွက် မိမိတို့တတ်စွမ်းသမျှဆောင်ရွက်ခြင်းဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
အဲဒီဆုတောင်းပွဲမှာ ခွပ်ဒေါင်းပုံနဲ့ ကြယ်ပုံတွေကိုလည်း ဆီမီးခွက်တွေနဲ့ ပုံဖော်မီးထွန်းခဲ့ကြပြီး မြန်မာပြည်မှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေအမြန်ဆုံး ရပ်စဲရေးအတွက် ဆုတောင်းခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ပတ်သက်ပြီး နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားနေတဲ့ ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ဖော်ထုတ်ပြီး ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူသွားမယ်ဆိုတဲ့ သတင်းထုတ်ပြန်ချက်ကို မနေ့က အောက်တိုဘာ ၃၁ရက်နေ့ နေ့စွဲနဲ့ နိုင်ငံတော်သမ္မတရုံး အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
လူ့အဖွဲ့အစည်းနှစ်ခုကြားက ပဋိပက္ခတွေဟာ သာမာန်ဆူပူလှုပ်ရှားမှုကနေ လက်နက်ကိုင်အကြမ်းဖက်မှုဆီ ကူးပြောင်းတော့မယ့်လက္ခဏာရှိနေပြီး အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပင် လက်နက်နဲ့ခြိမ်းခြောက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ အကြမ်းဖက်မှုကာလတွေအတွင်း အစိုးရက ဒေသတွင်းလုပ်လက်နက်ငယ်၂၀၀ နီးပါးနဲ့ လက်နက်ပြုလုပ်သူတချို့အပါအဝင် သက်သေခံပစ္စည်းတွေကိုလည်း ဖမ်းမိခဲ့တဲ့အတွက် အရေးယူဆောင်ရွက်နေကြောင်း၊ ဒါ့အပြင် လူစုလူဝေးနဲ့ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းလုပ်ရပ်တွေမှာ နိုင်ငံရေးအဖွဲ့၊ ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့နဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတချို့ ပါဝင်ပတ်သက်နေတဲ့ အထောက်အထားတွေ တွေ့ရှိထားပြီး အရေးယူနေကြာင်းလည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။