မီတာခ တိုးမြှင့်ကောက်ခံမှု ပုဇွန်တောင်နဲ့ သာကေတမှာ ဆန္ဒပြ

လျှပ်စစ်မီတာခတိုးမြှင့်ကောက်ခံတာကို ကန့်ကွက်တဲ့အနေနဲ့ လမ်းလျှောက်ချီတက် ဆန္ဒပြပွဲကို ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်နဲ့ သာကေတမြို့နယ်တွေမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

လျှပ်စစ်မီတာခတိုးမြှင့်ကောက်ခံတာကို ကန့်ကွက်တဲ့အနေနဲ့ ပုစွန်တောင်မြို့နယ်မှာ ၂၀၁၉၊ ဇွန် ၁ ရက်နေ့က ဆန္ဒပြကြစဉ် Photo: Citizen Journalist

လျှပ်စစ်မီတာခတိုးမြှင့်ကောက်ခံတာကို ကန့်ကွက်တဲ့အနေနဲ့ လမ်းလျှောက်ချီတက် ဆန္ဒပြပွဲကို ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်နဲ့ သာကေတမြို့နယ်တွေမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

မီတာခကြောင့် နောက်ဆက်တွဲခံစားရမယ့် ပြည်သူတွေရဲ့ အခက်အခဲကိုစာနာတာကြောင့် ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေအရ တရားဝင်စာတင်ပြီး ဆန္ဒပြခဲ့တာဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ်က ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ဦးစိုးမင်းသန်းက RFA ကုိ ပြောပါတယ်။

လမ်းလျှောက်ဆန္ဒထုတ်ဖော်သူတွေဟာ ပုဇွန်တောင်လမ်းမ ပုဇွန်တောင်ဥယျာဉ်အိမ်ယာရှေ့ကနေစတင်ပြီး အထက်ပုဇွန်တောင်လမ်း၊ အနော်ရထာလမ်း၊ ဗိုလ်မြတ်ထွန်းလမ်းကနေတဆင့် ဗိုလ်ချုပ်လမ်းမကြီးကို ချီတက်ခဲ့ပြီး အဲဒီကနေ အမှတ်၂ ရပ်ကွက် သာယာကုန်းလမ်းနဲ့ အနော်ရထာလမ်းအထိ ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဦးဆောင်သူဖြစ်တဲ့ ဦးစိုးမင်းသန်းဟာ ၂၀၁၅ ခုနှစ်က ပုဇွန်တောင်မြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂) ကနေဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်ဖြစ်တဲ့အတွက် ပြည်ခိုင်ဖြိုးပါတီက လုပ်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းကတော့ ပါတီက ညွှန်ကြားချက်နဲ့ ဆောင်ရွက်တာလား တစ်သီးပုဂ္ဂလ ဆောင်ရွက်တာလားဆိုတာ မသိသေးကြောင်း RFA ကို ပြောပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ဆန္ဒပြတာတွေရှိနေတဲ့အပေါ် NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က -မီတာခတိုးမြှင့်ကောက်ခံတာကို အစိုးရက မလုပ်ချင်ပေမယ့် နိုင်ငံဘဏ္ဍာအခြေအနေအရ ဆောင်ရွက်ရတာဖြစ်နိုင်ကြောင်း၊ မတိုးကောက်သင့်ဘူးဆိုတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်ပေးနိုင်ရင် အစိုးရအနေနဲ့ ပြန်လည်စဉ်းစားနိုင်ခြေရှိကြောင်း ပြောပါတယ်။

အလားတူ နေ့လယ်ပိုင်းမှာလည်း သာကေတမြို့နယ်ထဲက မြကန်သာပန်းခြံကနေ ဧရာဝဏ်လမ်းမကြီးအတိုင်း လူအင်အား ၁၀၀ ခန့်က လျှပ်စစ်မီတာခတိုးမြှင့်တာကို ကန့်ကွက်တဲ့အနေနဲ့ ကြွေးကြော်သံတွေနဲ့အတူ လမ်းလျှောက်ချီတက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org