လယ်မြေပြဿနာ ဖြေရှင်းပေးဖို့ ဆန္ဒပြသူများ ထောင်ဒဏ်ကျခံရ
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မြို့သစ်ကျေးရွာနဲ့ ကံကြီးကုန်းကျေးရွာက လယ်ယာမြေပြဿနာ ဖြေရှင်းပေးဖို့ ဆန္ဒပြခဲ့ကြတဲ့ တောင်သူ သုံးဦးကို ရွှေဘိုခရိုင်တရားရုံးက ဒီနေ့ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။
-
2014-03-10 -
-
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မြို့သစ်ကျေးရွာ နဲ့ ကံကြီးကုန်းကျေးရွာက လယ်ယာမြေပြဿ နာ ဖြေရှင်းပေးဖို့ ဆန္ဒပြခဲ့ကြတဲ့ တောင်သူ သုံးဦး ကို ရွှေဘိုခရိုင်တရားရုံးက ဒီနေ့ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။
အဲ့ဒီလယ်သမား ၃ ဦး အမှုကိစ္စကို လိုက်ပါကူညီပေးနေတဲ့ ခင်ဦးမြို့နယ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒုတာဝန်ခံ ဦးမြင့်ချွန်က အမိန့်ချလိုက်တဲ့ အခြေအနေကို အခုလို ပြောပါတယ်။
"တောင်သူလယ်သမားတွေက အမှုကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းခြင်းမရှိတဲ့အတွက် မြို့ပေါ်မှာ စီမံခန့်ခွဲရေးကော်မတီအဖွဲ့နဲ့ လယ်ယာစီမံခန့်ခွဲရေး ကော်မတီအဖွဲ့ကို ဆန္ဒထုတ်ဖော်တာပါ၊ တရားရုံးကဆန္ဒပြတဲ့ သုံးယောက် စလုံးကို ပုဒ်မ ၁၈ နဲ့ သုံးလစီချပြီးတေ့ာ ဦးညွှန့်ဆွေကို ၅ဝ၅(ခ)နဲ့ နှစ်နှစ်အသီးသီးချလိုက်တာဗျ"
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က ခင်ဦးမြို့မှာ တောင်သူ ၃ ဦးက သူတို့ဆုံးရှုံးခဲ့တဲ့ လယ်ဧကတချို့ အတွက် ဖြေရှင်းပေးဖို့ ဆန္ဒပြတောင်းဆိုရာမှာ ခင်ဦးမြို့နယ်မှူးက တရားစွဲဆိုခဲ့တာပါ။ အဲဒီအထဲက ၂ ဦးကို တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လစီ၊ ကျန်တစ်ဦးကို ပုဒ်မ ၁၈ အပြင် ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ) တို့နဲ့ ထောင်ဒဏ် ၂ နှစ်နဲ့ ၃ လကျခံဖို့ ရွှေဘိုခရိုင်တရားရုံးက ဒီနေ့ အမိန့်ချမှတ်ခဲ့ပါတယ်။
အမိန့်ချပြီးတဲ့နောက် လယ်သမား ၃ ဦးကို ရွှေဘိုအကျဉ်းထောင်ကို ပို့လိုက်တယ်လို့ သိရပါတယ်။