TNLA က ဖမ်းဆီးထားသူ လွတ်မြောက်ရေး နမ့်ခမ်းဒေသခံ ထောင်ပေါင်းများစွာ ဆန္ဒပြ
ပလောင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA တပ်ဖွဲ့က ဖမ်းဆီးထားတဲ့ နမ့်ခမ်းမြို့ခံ ရှမ်းအမျိုးသမီး နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် နမ့်ခမ်းမြို့မှာ ဒေသခံ ထောင်နဲ့ချီပြီး ဒီကနေ့ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
-
2018-09-17 -
-
-
ပလောင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA တပ်ဖွဲ့က ဖမ်းဆီးထားတဲ့ နမ့်ခမ်းမြို့ခံ ရှမ်းအမျိုးသမီး နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် နမ့်ခမ်းမြို့မှာ ဒေသခံ ထောင်နဲ့ချီပြီး ဒီကနေ့ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
နန်းမိုဟွမ် ဖမ်းဆီးခံရတာ တစ်လခန့်ရှိနေပြီဖြစ်ပြီး နောက်ထပ်လည်း လက်နက်ကိုင်အဖွဲ့တွေက ပြည်သူတွေကို ဖမ်းဆီးတာတွေ ဖြစ်မလာစေဖို့ ရည်ရွယ်ပြီး ဆန္ဒပြတာလို့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ စိုင်းသိန်းရွှေက ပြောပါတယ်။
"နံပါတ် တစ်က နန်းမိုဟွမ် ကို အမြန်လွှတ်ပေးရေးပေါ့၊ နံပါတ် နှစ်က အပြစ်မဲ့ပြည်သူကို အကြမ်းဖက်ပြီးတော့ မတရားဖမ်းဆီးသွားတဲ့ဟာမျိုး နောက်ထပ်မဖြစ်ပွားအောင် အဲဒါကို ဆန္ဒဖော်ထုတ်တာပါ"
ဒီကနေ့ဆန္ဒပြပွဲကို ကြိုတင်ခွင့်ပြုချက်ယူ ဆောင်ရွက်ခဲ့တာဖြစ်ပြီး နမ့်ခမ်းဆေးရုံ ကုန်းအဆင်းကနေ နမ့်ခမ်းမြို့လယ်ဘုရားအထိ ချီတက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
ဆန္ဒပြသူတွေက TNLA က ဖမ်းဆီးထားတဲ့ နန်းမိုဟွမ် ကို ချက်ချင်းလွှတ်ပေးဖို့၊ မတရားဆက်ကြေးကောက်တာတွေ ချက်ချင်းရပ်ဆိုင်းဖို့၊ အကြမ်းဖက်ဝါဒ ဆန့်ကျင်ကြောင်း၊ တရားဥပဒေစိုးမိုးရေးရှိဖို့စတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင် ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
နန်းမိုဟွမ်ဟာ TNLA အကောက်ခွန်ဌာနက ဝန်ထမ်းတွေ လုပ်ငန်းတာဝန်ထမ်းဆောင်စဉ်မှာ ဝတ္တရားနှောင့်ယှက်မှုနဲ့ အရေးယူပေးဖို့TNLA ဗဟိုတရားရုံးကို တိုင်ကြားထားတာကြောင့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၃၃နဲ့အမှုဖွင့်အရေးယူထားပြီး စီရင်ချက်ချတဲ့နေ့ကိုလည်း မိသားစုဝင်တွေကို အသိပေးဆက်သွယ်မယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံရချိန်က ဒီနေ့အထိ နန်းမိုဟွမ်နဲ့ အဆက်အသွယ် မရရှိသေးတာကြောင့် မိသားစုဝင်တွေက စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
နန်းမိုဟွမ်ကို လွှတ်ပေးဖို့အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရှမ်းလူငယ်အဖွဲ့အစည်းတွေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တို့ကလည်း ကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။
ဒီနေ့ဆန္ဒပြပွဲကို နမ့်ခမ်းမြို့ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP၊ ရှမ်းလူငယ်ကွန်ယက်စတဲ့ အဖွဲ့အစည်း ၁၅ ဖွဲ့က ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။