သင်္ဃန်းကျွန်းမှာ ဆန္ဒပြခဲ့တဲ့လူငယ်တွေ ကားနဲ့တိုက် အဖမ်းခံရ

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် (ဗကသ) နဲ့ မဟာမိတ်အဖွဲ့ဝင်တွေ သပိတ်မှောက်ဆန္ဒပြခဲ့စဉ် အိမ်စီးကားနဲ့ တိုက်ဖြိုခွင်းခံရလို့ ဆန္ဒပြခဲ့တဲ့လူငယ် ငါးဦး အဖမ်းခံရပါတယ်။

ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင် မြို့နယ်သမဂ္ဂများနှင့် မဟာမိတ်အဖွဲ့အစည်းများတို့ သင်္ယန်းကျွန်းမြို့နယ်မှာ ၂၀၂၂ ခုနှစ် မေလ ၃၀ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ် ပြုလုပ်ခဲ့ကြစဉ် Photo: Assistance Association for Myanmar-based Independent Journalists

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ် (ဗကသ) နဲ့ မဟာမိတ်အဖွဲ့ဝင်တွေ သပိတ်မှောက်ဆန္ဒပြခဲ့စဉ် အိမ်စီးကားနဲ့ တိုက်ဖြိုခွင်းခံရလို့ ဆန္ဒပြခဲ့တဲ့လူငယ် ငါးဦး အဖမ်းခံရတယ်လို့ (ဗကသ) အဖွဲ့ဝင်တွေက ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်ထဲ ဆန္ဒပြခဲ့ပြီး ၁၄၊ ၁၅ လမ်းဆုံအရောက်မှာ အိမ်ကားတစ်စီးနဲ့ ဖြိုခွင်းခံရကာ ခုလို အဖမ်းခံခဲ့ရတာလို့ ဗကသများအဖွဲ့ချုပ်က အမည်မဖော်လိုသူ တစ်ဦးက RFA ကို ပြောပါတယ်။

"လှုပ်ရှားမှုပြီးချိန်မှာ အရပ်ဝတ်တွေမောင်းတဲ့ အိမ်စီးကားတစ်စီးနဲ့ တိုက်ပြီးဖမ်းတာပါ။ ကားနဲ့ တိုက်ခံရတဲ့အတွက် ဦးခေါင်း၊ နောက်ကျော၊ လက်၊ ခြေထောက် စတာတွေမှာ ပွန်းပဲ့ထိခိုက်ပြီး ဒဏ်ရာရသူတွေ ရှိပါတယ်။ ဖမ်းဆီးခံရသူတွေကိုလည်း သေနတ်ဒင်တွေနဲ့ ထုရိုက်နှိပ်စက်တာတွေ ရှိပါတယ်။ ဖမ်းခံရတဲ့ ရဲဘော် ငါးဦးရှိပါတယ်။ ဖမ်းဆီးခံရသူတွေထဲ အမျိုးသမီးတစ်ဦး ပါပါတယ် "

အဖမ်းခံလိုက်ရတဲ့ လူငယ် ငါးဦးလုံးဟာ အခြေခံပညာကျောင်းသားတွေဖြစ်တဲ့အတွက် အသက်မပြည့် သေးတဲ့သူတွေ ဖြစ်တယ်လို့လည်း ဗကသများ အဖွဲ့ချုပ်က ပြောပြပါတယ်။

သူတို့ငါးယောက်ကို လက်ရှိမှာ တောင်ဥက္ကလာပမြို့နယ် ရဲစခန်းထဲမှာ ဖမ်းဆီး ခံထားရတယ်လို့လည်း ဗကသများအဖွဲ့ချုပ်က RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီး လမ်းမှာ ဒီလိုပဲ ဆန္ဒပြသူတွေကို စစ်ကားတစ်စီးနဲ့ ဝင်တိုက်ပြီး ဖမ်းဆီး ဖြိုခွင်းခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

နောက်ပြီး ဧပြီလ ၂၀ ရက်နေ့မှာလည်း ရန်ကုန်ုတိုင်း၊ တောင်ဥက္ကလာပ မြို့နယ်ထဲက စုပေါင်းသပိတ် တစ်ခုကို ရဲကားတစ်စီးနဲ့ ဝင်တိုက်ဖြိုခွင်းခဲ့ပြီး အဲဒီဖြစ်စဉ်မှာတော့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org