အင်တာနက် ဖြတ်တောက်ထားတာကို ဆန္ဒပြသူတွေ အမှုဖွင့်ခံရ

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အင်တာနက် ဖြတ်တောက်ခံရမှု တစ်နှစ်ပြည့်အနေနဲ့ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့မှာ ဆန္ဒပြခဲ့ကြပြီး အဲဒီထဲက ခြောက်ဦးကို အမှုဖွင့်ထားပါတယ်။

ရခိုင်ပြည်နယ် ခုနှစ်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အင်တာနက်ဖြတ်တောက်ခံရမှုအပေါ် ၂၀၂၀၊ ဇွန် ၂၁ ရက်နေ့က ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့မှာ ဆန္ဒပြကြစဉ် Photo: Rambray Youths Network

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အင်တာနက် ဖြတ်တောက်ခံရမှု တစ်နှစ်ပြည့်အနေနဲ့ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့မှာ ဆန္ဒပြခဲ့ကြပြီး အဲဒီထဲက ခြောက်ဦးကို အမှုဖွင့်ထားပါတယ်။

ရခိုင်ပြည်နယ် ခုနှစ်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အင်တာနက်ဖြတ်တောက်ခံရမှုဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့မှာ တစ်နှစ်ပြည့်ခဲ့ပါတယ်။

အဲဒီလို အင်တာနက်ဖြတ်တောက်ခံရတဲ့အပေါ်  ဆန္ဒပြကြသူတွေထဲမှာ ရခိုင်ပြည်နယ် ရမ်းဗြဲလူငယ်ကွန်ရက်က တစ်ဦးနဲ့ ရန်ကုန်မြို့ အသံအဖွဲ့က မောင်ဆောင်းခ အပါအဝင် ငါးဦး တို့ကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့် ထားတာပါ။ သူတို့ဟာ အင်တာနက် ဖြတ်တောက်ထားတာနဲ့ပတ်သက်ပြီး ဇွန်လ ၂၁ ရက်နေ့က ရန်ကုန်မြို့ ဆူးလေကုန်းကျော် တံတားပေါ်မှာ ပိုစတာပိတ်စတွေနဲ့ ကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အသံအဖွဲ့က မောင်ဆောင်းခအပါအဝင် ငါးဦးလို့သာ ရဲတပ်ဖွဲ့က အကြောင်းကြားခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့က ဘယ်သူတွေပါဝင်တယ်ဆိုတာ အတိအကျမပြောဘူးလို့ အတိအကျ ထုတ်ဖော်ပြောကြားတာမရှိဘူးလို့ အသံအဖွဲ့က ကိုရဲဝေဖြိုးက ဆိုပါတယ်။

"ဆူးလေနားမှာရှိတဲ့ လူကူးခုံးကျော်တံတားပေါ်မှာ အင်တာနက် ဖြတ်တောက်ခံရမှုနဲ့ပတ်သက်ပြီး ဗီနိုင်းတွေ၊ ပိတ်စတွေ၊ ပိုစတာတွေနဲ့ ကန့်ကွက်ကြောင်း ချိတ်ဆွဲခဲ့လို့ တရားစွဲဆိုတာပါ။ အသံအဖွဲ့က ငါးဦးလို့ဆိုတာ ထက် ကိုဆောင်းခ အပါအဝင် ငါးယောက်ပါ။ ဘာကြောင့်လဲဆိုတော့ ရဲရဲ့အကြောင်းကြားစာအရ ကိုဆောင်းခ ကို တည်ပြီးတရားစွဲတာ တခြားဘယ်သူတွေပါတယ်ဆိုတာ ထုတ်ဖော်ပြောတာမရှိပါဘူး။"

ဇွန်လ ၂၂ ရက်နေ့မှာ ကျောက်တံတားမြို့နယ်ရဲစခန်းက မောင်ဆောင်းခ အိမ်ကို ဆင့်ခေါ်စာ ပေးပို့ခဲ့တာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉  ဇွန်လကစပြီး၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့နောက်ပိုင်း၊ အစိုးရက လုံခြုံရေးအကြောင်းပြချက်နဲ့ ရခိုင်ပြည်နယ်၊ မြောက်ပိုင်းမှာရှိတဲ့ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တွေမှာ အင်တာနက် ပိတ်ခဲ့ပါတယ်။

မေလ ၉ ရက်နေ့မှာ မောင်တောမြို့နယ်ကို အင်တာနက် ပြန်ဖွင့်ပေးခဲ့ပေမယ့်၊ ကျန်တဲ့မြို့နယ်တွေကို အင်တာ နက် ဆက်ပိတ်ထားခဲ့တာဟာ အခုဆိုရင် တစ်နှစ်ရှိနေပြီ ဖြစ်ပါတယ်။ အင်တာနက် ဖြတ်တောက်ခံရမှုကြောင့် မြေပြင်က ဒေသခံ အရပ်သားတွေမှာ နစ်နာဆုံးရှုံးမှုတွေ အများကြီး ရှိနေတယ်လို့ မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဆိုပါတယ်။

"နစ်နာနေတာ အများကြီး။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဌာနဆိုင်ရာ ဝန်ဆောင်မှုတွေ မြေပြင်မှာ သတင်းအမှား ဖြန့်ဝေမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှု တွေကအစ ပြည်သူတွေအကုန်လုံး ခံနေရတယ်။ စစ်ဒုက္ခသည်တွေ တကယ်တမ်း အခက်အခဲရှိနေတာတွေ မရနိုင်ဘူး။ ကိုဗစ်-နိုင်တင်းနဲ့ ပတ်သက်ရင်လည်း အထောက်အကူမရဘူး။ အဲဒါကြောင့်လည်း နိုင်ငံတကာက တောင်းဆိုနေတာ။"

ရခိုင်ပြည်နယ်မှာ အင်တာနက်ဖြတ်တောက်မှုဟာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်အတိုင်းဖြစ်ပြီး ဆောင်ရွက်တာဖြစ်တယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

အင်တာနက် ဖြတ်တောက်တာကို သုံးလစီ တိုးမြှင့်ရာမှာ သြဂုတ်လ ၁ ရက်နေ့မှာ နောက်ဆုံးတိုးမြှင့်မှု ပြည့်မှာဖြစ်တဲ့အတွက် ထပ်တိုး မတိုးဆိုတာ ညွှန်ကြားချက်အတိုင်းပဲ ဖြစ်လိမ့်မယ်လို့ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမျိုးဆွေက ပြောပါတယ်။

"ကျနော်တို့က အကောင်အထည်ဖော်ပေးရတဲ့ ဝန်ကြီးဌာနပေါ့။ ပိတ်ထားတာလည်း သုံးလ သုံးလ စီ၊ အခု လည်း ၁ ရက် ၈ လမှာ ပြည့်မယ်။ ၂ ရက် ၅ လတုန်းက အရင် ကိုးမြို့နယ်မှာ မောင်တောကို ပြန်ဖွင့်ပေး လိုက်ပြီး ကျန်တဲ့ ရှစ်မြို့နယ်မှာ အင်တာနက်ပိတ်ထားတယ်။ ၁ ရက် ၈ လမှာ ပြန်စဉ်းစားပြီး ထပ်တိုးရင် လည်းတိုးမယ်။ ညွှန်ကြားချက်တော့မရှိသေးဘူး။ ဒါကလည်း နီးတော့မှ သိရတာပါ။"

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှုးချုပ် ဇော်မင်းထွန်းကတော့ စစ်ရေးဆိုင်ရာ လျှို့ ဝှက်ချက် ပေါက်ကြားမှုနဲ့ လူမျိုးရေး အမုန်းတရားတွေကို အင်တာနက်ကနေ လှုံ့ဆော်မှုတွေ ရှိနေတာကြောင့် ရခိုင် ပြည်နယ်မှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ အစိုးရကို တိုက်တွန်းမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း “ရခိုင်မှာ လုံခြုံရေး အခြေအနေတွေကြောင့် အင်တာနက် ဖြတ်တောက်ပေးဖို့၊ တပ်မတော်က တောင်းဆိုခဲ့တဲ့အတွက် အစိုးရက ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ ဒီလို အင်တာနက် ဖြတ်တောက်မှုက အကျိုးရှိပါတယ်” လို့ မကြာသေးခင်ကလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ဖူး ပါတယ်။

တစ်နှစ်ကြာပြီဖြစ်တဲ့ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး အင်တာနက် ဖြတ်တောက်မှုကို အဆုံးသတ်ပေးဖို့ ဒေသခံတွေ၊ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေက ကျယ်ကျယ်လောင်လောင် တောင်းဆိုနေကြတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org