သမ္မတဦးထင်ကျော် အိန္ဒိယကို သွားရောက်မည်
သမ္မတဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အပြီး အခုလကုန်ပိုင်းမှာ အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ဖို့ရှိတယ်လို့ သိရပါတယ်။
-
2016-08-19 -
-
-
သမ္မတဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အပြီး အခုလကုန်ပိုင်းမှာ အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ဖို့ရှိတယ်လို့ သိရပါတယ်။
ဒီခရီးစဉ်ဟာ အိန္ဒိယနိုင်ငံဘက်က ဖိတ်ကြားတာဖြစ်ပြီး၊ သွားမယ့်ရက်အတိအကျကို မကြာခင် သတင်းထုတ်ပြန်မယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
တချိန်တည်းမှာပဲ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆပ်ရှ်မာ ဆွာရက်ဟာ ရှေ့သီတင်းပတ်အတွင်း မြန်မာနိုင်ငံကို အလည်အပတ်သွားရောက်မယ်လို့ အိန္ဒိယအစိုးရက မနေ့က သတင်း ထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟာ သြဂုတ်လ ၂၂ ရက်နေ့မှာ သမ္မတဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် - နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး ကိစ္စတွေကို ဆွေးနွေးမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဒ့ါပြင် မကြာခင် အိန္ဒိယမှာ ပြုလုပ်မယ့် BRICS- BIMSTEC လို့ခေါ်တဲ့… “ဘရာဇီး၊ ရုရှား၊ အိန္ဒိယ-တရုတ်နဲ့ တောင်အာဖရိက” ငါးနိုင်ငံပါဝင်တဲ့အဖွဲ့နဲ့၊ မြန်မာအပါအဝင် “ဘင်္ဂလားပင်လယ်အော်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့” ထိပ်သီး အစည်းအဝေး အတွက် အစီအစဉ်တွေကိုလည်း ဆွေးနွေးကြမယ်လို့ ပြောပါတယ်။
ဒီခရီးစဉ်ဟာ မြန်မာအစိုးရသစ်နဲ့ ဆက်ဆံရေးမြှင့်တင်ဖို့ အိန္ဒိယဘက်က ကတိကဝတ်တွေကို ထပ်လောင်း အတည်ပြုလိုက်တာပဲ ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။