အများနဲ့ဆိုင်တဲ့ အဆောက်အဦး များ ပြင်ဆင်ရေး အဆိုတင်သွင်း
2014.03.24

ကချင်ပြည်နယ်မှာ နိုင်ငံတော်ဘဏ္ဍာနဲ့ ဆောက် လုပ်နေတဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ အဆောက် အဦးတွေဟာ အရည်အသွေးညံ့ဖျင်းတဲ့ ပစ္စည်းတွေ အသုံးပြုထားတာကြောင့် ပြင်ဆင်ပေးဖို့ ဒီနေ့ ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအင်ဖရောင်ဂမ်က အဆိုတင်သွင်းရာ ထောက်ခံ သူများတဲ့အတွက် ကချင်ပြည်နယ် လွှတ်တော်က ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။
ဒီနေ့ ကျင်းပတဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ဖားကန့်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအင်ဖရောင်ဂမ်က သူအဆိုတင်သွင်းခဲ့တာ နဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။
" တချို့နေရာမှာဆိုရင် ဖောင်ဒေးရှင်းတင် ကန်ထရိုက်က ပြည်သူကို သိပ်အလေးမထားပဲနဲ့ ကျောင်းသားတွေရဲ့ကိစ္စကို သိပ်အလေးမထားပဲနဲ့ အဆောက်အဦးဆောက်လုပ်တာ ဖြစ်သလိုဆောက်ကြတယ်၊ ဖောင်ဒေးရှင်းအောက်မှာ ဘာမှမလောင်းပဲနဲ့ တိုက်ရိုက်အုတ်စီလိုက်တာ ကျွန်တော်တွေ့ခဲ့တယ်၊ ဒါကြောင့်မို့ ဒါမျိုးမဖြစ်အောင် အစိုးရကနေ ပြည်လည် စီစစ်ဖို့၊ ကြီးကြပ်ဖို့ စနစ်တကျလုပ်ဆောင်ခြင်းအားဖြင့် ပြည်သူ့ဘဏ္ဍာငွေကို စနစ်တကျသုံးဖို့အတွက်၊ သုံးတဲ့ငွေတွေကို အရည်အသွေးရှိတဲ့ ပစ္စည်းနဲ့ သုံးပေးဖို့ အဲ့ဒါကြောင့်မို့ ကျွန်တော် ဒီအဆိုကို တင်သွင်းရခြင်းဖြစ်ပါတယ်"
အဆိုကို မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂၁မဲ ရရှိပြီး ကန့်ကွက်မဲ ၁၇မဲသာ ရှိတဲ့အတွက် အဆိုအနိုင်ရရှိသွားတာကြောင့် နိုင်ငံတော်သမ္မတဆီ သဝဏ်လွှာပေးပို့သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ကချင်ပြည်နယ်က အများပြည်သူသုံး အဆောက်အဦးများ ဆောက်လုပ်ခဲ့ကြတဲ့ ကုမ္ပဏီတွေကို ပြန်လည်စိစစ်ပြီး ပြုပြင်ဖို့ ညွှန်ကြားထားကြောင်း ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ပြောပါတယ်။