ကပ်ရောဂါကြောင့် ရွေးကောက်ပွဲ ထိခိုက်နိုင်တယ်လို့ လူထုစစ်တမ်းမှာ ဖော်ပြ
ရွေးကောက်ပွဲမှာ ပြည်သူတွေ လွတ်လပ်စွာမဲပေးခွင့်ကို ထိခိုက်မှုနဲ့ အနှောက်အယှက် ဖြစ်နိုင်စေမယ့် အကြောင်းအရာတွေကို လူထုစစ်တမ်းကောက်ယူရာမှာ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိနိုင်တယ်ဆိုတဲ့ အဖြေက ရာခိုင်နှုန်း အများဆုံး ရရှိထားတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကပြောပါတယ်။
-
2020-10-23 -
-
-
ရွေးကောက်ပွဲမှာ ပြည်သူတွေ လွတ်လပ်စွာ မဲပေးခွင့်ကို ထိခိုက်မှုနဲ့ အနှောက်အယှက်ဖြစ်နိုင်စေမယ့် အကြောင်းအရာတွေကို လူထုစစ်တမ်း ကောက်ယူရာမှာ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိနိုင်တယ်ဆိုတဲ့ အဖြေက ရာခိုင်နှုန်း အများဆုံး ရရှိထားတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကပြောပါတယ်။
ဒီစစ်တမ်းဟာ ဇူလိုင်လကနေ စက်တင်ဘာလအထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူထားတာ ဖြစ်ပါတယ်။ စစ်တမ်းကို CDNH ဆိုတဲ့ အရပ်ဘက်အဖွဲ့အစည်းက ကောက်ယူခဲ့တာဖြစ်ပါတယ်။
ဖြေဆိုချက်တွေထဲမှာ ကပ်ရောဂါကြောင့် ထိခိုက်နိုင်တယ်လို့ ပြောဆိုချက်က ၄၆ ရာခိုင်နှုန်း၊ ပါတီတွေရဲ့ မဲဆွယ် စည်းရုံးရေးတွေကြောင့် ၁၃ ရာခိုင်နှုန်း၊ ဒေသတွင်းမတည်ငြိမ်မှုကြောင့် ၁၃ ရာခိုင်နှုန်း၊ အစိုးရနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ပေါ် ယုံကြည်မှုနည်းပါးတဲ့အချက်ကြောင့် ၇ ရာခိုင်နှုန်း၊ ကြိုတင်မဲပေးမှုကြောင့် ၆ ရာခိုင်နှုန်း၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး လုပ်ငန်းစဉ် အားနည်းချက်တွေကြောင့်လို့ ပြောဆိုချက်က ၄ ရာခိုင်နှုန်း ရှိတယ်လို့ ပြောပါတယ်။
ဒီအချက်တွေအပြင် သတင်းမှား ဖြန့်ချိမှုတွေကြောင့် ၃ ရာခိုင်နှုန်း၊ မဲဆန္ဒရှင်တွေအနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သိနားလည်မှု အားနည်းတာကြောင့် ၃ ရာခိုင်နှုန်း၊ လူမျိုးရေး၊ ဘာသာရေးနဲ့ အနှောက်အယှက် တွေကြောင့် ၃ ရာခိုင်နှုန်းနဲ့ မဲစာရင်းမှားတာကြောင့် ၂ ရာခိုင်နှုန်းရှိတယ်လို့ ကောက်ယူချက်တွေအရ သိရကြောင်းပြောပါတယ်။
စက်တင်ဘာလနောက်ပိုင်း ရွေးကောက်ပွဲနီးကပ်လာချိန်မှာ သတင်းမှား၊ ဘာသာရေးလူမျိုးရေး ကိစ္စတွေကြောင့် ရွေးကောက်ပွဲကို အနှောက်အယှက်ဖြစ်လာနိုင်ခြေက ပိုများလာတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။