ပူတာအိုမြို့မှာ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံရ

ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်း ဆက်သွယ်ရေးဖုန်းလိုင်းအားလုံး မေလ ၂၃ ရက်နေ့ကတည်းက ဖြတ်တောက်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကြောင့် တောထဲမှာ ထွက်ပြေးခိုလှုံနေကြရတဲ့ လုံရှာယာန်ကျေးရွာသားတွေကို ၂၀၂၂၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ် Photo: CJ

ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်း ဆက်သွယ်ရေးဖုန်းလိုင်းအားလုံး မေလ ၂၃ ရက်နေ့ ကတည်းက ဖြတ်တောက်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Ooredoo ဖုန်းလိုင်းတစ်ခုသာ မေလ ၂၄ ရက် မနေ့က ပြန်ရပေမယ့် MPT၊ Telenor၊ Mytel စတဲ့ ဖုန်းလိုင်းတွေက ဒီနေ့အထိ ဆက်သွယ်လို့မရဘဲ ဖြတ်တောက်ခံထားရတယ်လို့ ပူတာအိုမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခုရက်ပိုင်းက မီးကလည်းမလာ၊ ဖုန်လိုင်းက ပြန်မရဆိုတော့ အခက်အခဲတွေရှိတယ်။ အဓိကတော့ မြစ်ကြီးနားနဲ့ အဆက်အသွယ်ပိုင်းမှာ ခက်ကုန်တယ်၊ မြစ်ကြီးနား-ပူတာအို ခရီးသွားမယ့်သူတွေအတွက် လေယာဉ်လက်မှတ် ဝယ်တာကအစ ခက်ကုန်တယ်”

ပူတာအိုမြို့မှာ ဖုန်းလိုင်းတွေ ခုလိုဖြတ်တောက်ခံရတာဟာ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပူတာအိုမြို့နယ်ထဲ ခုလိုဖုန်းလိုင်းတွေ ဘာကြောင့်ဖြတ်တောက်ထားတယ်ဆိုတာ ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ ဖုန်းအော်ပရေတာတွေဆီ RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ မေလ ၁၀ ရက်ကစပြီး မြစ်ကြီးနားကနေ ပူတာအိုဘက်ဆီ ရိက္ခာပို့တဲ့ စစ်ကောင်စီ ယာဉ်တန်းကို ပူတာအိုမြို့နယ် တန်ဂျာရွာနဲ့ အင်ဒေါင်ဘွမ်ရွာအကြားမှာ မေလ ၂၃ ရက်မှာ KIA က တိုက်ခိုက်ခဲ့လို့ စစ်ကားတစ်စီး ချောက်ထဲကျခဲ့သလို ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့မှာလည်း ပြီးခဲ့တဲ့နှစ် ၂၀၂၁ ဩဂုတ်လကစပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက် ခံထားရတာ ခုချိန်ထိပြန်မဖွင့်သေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org