စစ်ပွဲ ရပ်စဲရေး၊ ကုန်ဈေးနှုန်း ထိန်းချုပ်ရေး ပူတာအိုဒေသခံများ ဆန္ဒပြ
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ထိုးစစ်တွေ ရပ်စဲရေး၊ ပူတာအိုဒေသက ပိတ်ဆို့ထားတဲ့ လမ်းတွေကို ပြန်လည်ဖွင့်လှစ်ပေးရေး၊ ကချင် စစ်ပွဲရဲ့ အကျိုးဆက်ကြောင့် ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်လာမှုကို ထိန်းချုပ်ပေးရေး စတဲ့ တောင်းဆိုချက်တွေကို ကချင်ပြည်နယ်၊ ပူတာအိုခရိုင်မှာ နေထိုင်ကြတဲ့ ရဝမ်၊ ဂျိမ်းဖော၊ ခန္တီး စတဲ့ တိုင်းရင်းသားဒေသခံ ပြည်သူ (၄၀၀) နီးပါးက ဒီကနေ့ ပူတာအိုမြို့မှာ တစ်နာရီကြာ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
-
2013-01-29 -
-
-
ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်စဲရေး၊ ပူတာအိုဒေသက ပိတ်ဆို့ထားတဲ့လမ်းတွေ ပြန်ဖွင့်ပေးရေး၊ စစ်ပွဲကြောင့်ကုန်ဈေးနှုန်း ကြီးမြင့်လာမှုကို ထိန်းချုပ်ပေးရေး တို့အတွက် ကချင်ပြည်နယ်ရှိ ပူတာအိုဒေသခံ ၄၀၀ နီးပါးက ဇန်နဝါရီ ၂၉ ရက်နေ့က ပူတာအိုမြို့မှာ တောင်းဆိုဆန္ဒပြနေပုံ
အစိုးရဋ္ဌာနပေါင်းစုံရဲ့ မြို့နယ်နဲ့ ခရိုင်ရုံးတွေ အခြေစိုက်ရာ ဟိုခို(အောက်ချိုင့်)ရပ်ကွက် ကနေ တစ်မိုင်ကျော်ကွာဝေးတဲ့ မြို့မဈေးအထိ စစ်ရပ်စဲရေး၊ ကုန်ဈေးနှုန်းကျဆင်းရေးစတဲ့ ပိုစတာတွေကိုင်စွဲပြီး လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့တာလို့ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ပူတာအိုမြို့ လီဆူးစာပေနဲ့ ယဉ်ကျေးမှုကော်မတီက ဦးယောစီ က ပြောပါတယ်။
ဒီဆန္ဒပြပွဲဟာ ပူတာအိုမြို့မှာရှိတဲ့ ရှမ်း၊ လီဆူး၊ ရဝမ်၊ ဂျိန်းဖောစတဲ့ ရိုးရာစာပေနဲ့ ယဉ်ကျေးမှုကော်မတီ လေးခုက ဦးဆောင်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်။