ပူတာအိုမှာ ဖုန်းနဲ့ အင်တာနက်မြန်နှုန်းမြှင့်ပေးဖို့ ဒေသခံလူငယ်တွေ တောင်းဆို
မြန်မာနိုင်ငံအထက်ပိုင်း ရေခဲတောင်ဒေသဖြစ်တဲ့ ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းမှာ ဖုန်းနဲ့ အင်တာနက်တွေ ကောင်းကောင်းအသုံးပြုနိုင်အောင် မြန်နှုန်းမြှင့်ပေးဖို့ ဒေသခံလူငယ်တွေက အစိုးရကို တောင်းဆိုနေပါတယ်။
-
အဲလိဇဘက်ဂျန်မာ
2020-12-10 -
-
-
မြန်မာနိုင်ငံအထက်ပိုင်း ရေခဲတောင်ဒေသဖြစ်တဲ့ ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းမှာ ဖုန်းနဲ့ အင်တာနက်တွေ ကောင်းကောင်းအသုံးပြုနိုင်အောင် မြန်နှုန်းမြှင့်ပေးဖို့ ဒေသခံလူငယ်တွေက အစိုးရကိုတောင်းဆိုနေပါတယ်။
မြန်မာနိုင်ငံတနိုင်လုံးလိုလိုမှာ ဝန်ဆောင်မှုကုမ္ပဏီအမျိုးမျိုးရဲ့ ဝန်ဆောင်မှုနဲ့ မြန်နှုန်းမြင့် 4G အင်တာနက်လိုင်းတွေ ရနေပြီဖြစ်ပေမယ့် ပူတာအိုခရိုင်အတွင်းမှာတော့ မြန်မာ့ဆက်သွယ်ရေးဝန်ဆောင်မှု MPT ရဲ့ 2G အင်တာနက်ပဲ ရနေတာပါ။
ဒါကြောင့် လက်ရှိဖြစ်ပွားနေတဲ့ ကမ္ဘာ့ကပ်ရောဂါနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ မရရှိသလို ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်တောက်နေပြီး လူငယ်တွေအတွက် ပညာရေးဗဟုသုတတွေကို လေ့လာခွင့်ဆုံးရှုံးနေတယ်လို့ နောင်မွန်းမြို့နယ်က ဒေသခံလူငယ် ကိုဂျောင်လင်းက RFA ကို ပြောပါတယ်။
ပူတာအိုခရိုင် နောင်မွန်းမြို့နယ်ဟာ နိုင်ငံတကာခရီးသွားတွေကို ဆွဲဆောင်တဲ့ ခါကာဘိုရာဇီရေခဲတောင်ရှိတဲ့ မြို့နယ်လည်းဖြစ်ပါတယ်။
နောင်မွန်းမြို့နယ်အတွင်းက ကျေးရွာ ၄၀ ကျော်မှာ ဖုန်းနဲ့ အင်တာနက်လိုင်း လုံးဝမရရှိသေးဘူးလို့လည်း ဒေသခံ ကိုယုံငိုင်ဒါဝိကလည်း RFA ကိုပြောပါတယ်။ ဒါကြောင့် အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖွင့်ပေးဖို့ အစိုးရကို တောင်းဆိုချင်တယ်လို့လည်း ဆိုပါတယ်။
ဒေသခံလူငယ်တွေ တောင်းဆိုတဲ့ နောင်မွန်ဒေသ ဖုန်းလိုင်းနဲ့ အင်တာနက်ကောင်းကောင်း ရရှိရေးနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ် မရရှိခဲ့ပါဘူး။ ပူတာအိုခရိုင် နောင်မွန်မြို့နယ်မှာ မြန်မာ့ဆက်သွယ်ရေး MPT ဖုန်းလိုင်းကို ၂၀၁၉ ခုနှစ်က စတင်ရရှိခဲ့ပေမယ့် အင်တာနက်ဖုန်းလိုင်မှာ 2G အဆင့်ပဲရှိနေတာပါ။
နောင်မွန်မြို့နယ်ဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် ကုန်ဈေးနှုန်းကြီးသလို ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာလည်း နောက်ကျနေတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။