နေပြည်တော် ပျဉ်းမနားမှာ ရေရှားလို့အခက်တွေ့၊ အလှူရှင်တွေ လာရောက်လှူဒါန်း
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတစ်ချို့မှာ ရာသီဥတု ပူပြင်းတာကြောင့် ရေတွင်းရေကန်တွေ ရေခန်းခြောက်ပြီး၊ သောက်သုံးရေပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
2020-05-11 -
-
-
ပျဉ်မနားမြို့ပေါ်က ရပ်ကွက်တချို့နဲ့ ကျေးရွာတွေမှာ ရာသီဥတုပူပြင်းတာကြောင့် ရေတွင်းတွေမှာ ရေခမ်းခြောက်တာမျိုးတွေ ရှိနေလို့ ဒီနှစ်နွေရာသီမှာ သောက်သုံးရေပြတ်လတ်တာတွေ ကြုံနေရတယ်လို့ ပျဉ်းမနားမြို့နယ် ဒေသခံတွေက ပြောပါတယ်။
ပျဉ်းမနားမြို့မှာ ရပ်ကွက်ကြီး ၅ ရပ်ကွက်ရှိပြီး စည်ပင်က ရေပေးဝေနိုင်တာက ၁၀ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။
ဒါကြောင့်မို့ ပျဉ်းမနားမြို့က အိမ်တွေတော်တော်များများမှာ အဝီစိတွင်းတူးပြီး အဝီစိရေကိုသာ အဓိက ထားအသုံးပြုနေကြရတာပါ။ အဝီစိတွင်း မရှိတဲ့အိမ်နဲ့ လက်လုပ်လက်စား အများစုကတော့ ရေကိုဝယ်ပြီး သုံးကြရတာပါ။
ပျဉ်းမနားမြို့ ဦးမင်းဒင်ရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်ခိုင်မာကတော့ အခုလို ကပ်ရောဂါဖြစ်နေတဲ့ကာလ စားဝတ်နေရေးကြပ်တည်းနေတဲ့အချိန်မှာ ရေဝယ်သုံးဖို့ အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။
အရင်က သောက်သုံးရေအတွက်ကို ရပ်ကွက်ထဲက ဘုန်းကြီးကျောင်းကနေ သွားခပ်လေ့ရှိပေမယ့်၊ အခုအခါမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လူအဝင်အထွက် ကန့်သတ်တာမျိုးတွေ ဆောင်ရွက်နေလို့၊ ရေကအရင်လို လိုသလောက်မရတော့ဘဲ အကန့်အသတ်နဲ့သာ ရတော့တယ်လို့ ပျဉ်းမနားမြို့ တောင်သာရပ်ကွက်က ဦးမြင့်သိန်းက ပြောပါတယ်။
အခုလို သောက်သုံးရေ အခက်အခဲရှိနေတာကြောင့် ပျဉ်းမနားမြို့ပေါ်က ပရဟိတအသင်းတချို့က ရေအခက်အခဲ ကြုံနေရတဲ့ လက်လုပ်လက်စားရပ်ကွက်တွေကို ဦးစားပေးပြီး သောက်သုံးရေတွေ လှူဒါန်းပေးနေပါတယ်။
ပျဉ်းမနားမြို့အခြေစိုက် မျှဝေသောလက်များ ပရဟိတအဖွဲ့က ပျဉ်းမနားမြို့နယ်တွင်းက တောင်သာရပ်ကွက်နဲ့ ဦးမင်းဒင်ရပ်ကွက်က ရေခက်ခဲတဲ့နေရာ သုံးနေရာမှာ သောက်သုံးရေတွေ ဒီနေ့ပေးလှူခဲ့တာ တွေ့ရပါတယ်။
မျှဝေသောလက်များ ပရဟိတအဖွဲ့က ဒုဥက္ကဋ္ဌ ဦးကျော်သူရက ပရဟိတအသင်းအနေနဲ့ အခုလို ရေပေးလှူနိုင်တာဟာ ရေတိုအတွက်သာဖြစ်ပြီး ရေရှည်အတွက်ကိုတော့ အစိုးရအနေနဲ့ အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့အကြံပြုပါတယ်။
ပျဉ်းမနားမြို့နယ်မှာ ရေတွင်းအနက် ပေ ၁၀၀ ပတ်ချာလည်လောက် တွင်းတွေမှာ ရေခမ်းခြောက်တာတွေဖြစ်ပြီး အရင်နှစ်တွေမှာ ရေမပြတ်ခဲ့ဘူးတဲ့ ရပ်ကွက်တွေမှာတောင်၊ ဒီနှစ် ရေပြတ်လတ်တာတွေ ကြုံနေတာပါ။
အသင်းအနေနဲ့ ရေလှူပေးတဲ့ လေးနှစ်အတွင်းမှာ၊ ပျဉ်းမနားမြို့မှာ အခုအကြိမ် ရေပြတ်လပ်တာက အဆိုးဆုံးဖြစ်တယ်လို့ ဦးကျော်သူရက ပြောပါတယ်။
ပျဉ်းမနားမြို့က ရပ်ကွက်တွေကို ပျဉ်းမနားမြို့ စည်ပင်က အဝီစိတွင်း ရှစ်တွင်းကနေ ရေပေးဝေနေတာ ဖြစ်ပေမယ့် လုံလောက်မှုမရှိပါဘူး။ ဒါ့ကြောင့် ဒီနှစ်နွေရာသီမှာ ရေအခက်အခဲ အဆင်ပြေနိုင်ဖို့အတွက် ဂါလံ ၈၀၀ ဆန့်ကားနဲ့ ရေမရတဲ့ရပ်ကွက်တွေကို၊ လှည့်ပြီး ရေပေးသွားမယ်လို့ ပျဉ်းမနားမြို့နယ် စည် ပင်သာယာရုံးအဖွဲ့ လက်ထောက်အင်ဂျင်နီယာ ဦးအောင်မြိုင်က RFA ကို ပြောပါတယ်။
ပျဉ်းမနားမြို့လိုပဲ ကျန်တဲ့ အပူချိန်မြင့်မားတဲ့ဒေသတစ်ချို့ဖြစ်တဲ့ မကွေးတိုင်းတွင်းက ကျေးရွာတွေမှာလည်း ရေအခက်အခဲတွေ ကြုံတွေ့နေရတဲ့အတွက် အလှူရှင်တစ်ချို့က လှူဒါန်းပေးနေရတယ်လို့ သိရပါတယ်။