ပျဉ်းမနား တောင်သူတွေကို အစိုးရ လျော်ကြေးပေး

ရန်ကုန် - မန္တလေးမြို့ရှောင်လမ်းဖောက် လုပ်စဉ် လယ်ယာမြေဧက ၁၇၀ ကျော် သိမ်းယူခံထားရတဲ့ နေပြည်တော် ပျဉ်းမနား မြို့နယ်က တောင်သူ ၂၈၀ ကျော်ကို အစိုးရက လျော်ကြေး ကျပ်သန်းပေါင်း ၃၅၀ ကျော် ပေးအပ်ခဲ့ပါတယ်။

ရန်ကုန် - မန္တလေး မြို့ရှောင်လမ်း ဖောက်လုပ်ခဲ့စဉ်က သိမ်းယူခဲ့တဲ့ လယ်မြေတွေအတွက် နေပြည်တော် ပျဉ်းမနားမြို့နယ် က တောင်သူတွေကို ဇွန်လ ၂၈ ရကေ်န့က အစိုးရ လျော်ကြေးပေးစဉ် Photo: Win Naung Toe/RFA

ရန်ကုန် - မန္တလေးမြို့ရှောင်လမ်းဖောက်လုပ်စဉ် လယ်ယာမြေဧက ၁၇၀ ကျော် သိမ်းယူခံထားရတဲ့ နေပြည်တော် ပျဉ်းမနားမြို့နယ်က တောင်သူ ၂၈၀ ကျော်ကို အစိုးရက လျော်ကြေး ကျပ်သန်းပေါင်း ၃၅၀ ကျော် ပေးအပ်ခဲ့ပါတယ်။

လယ်နဲ့ ယာမြေ ဧက ၁၇၀ ကျော်အတွက် လယ်မြေနဲ့ သီးနှံလျော်ကြေးတွေ ပေးအပ်တာဖြစ်တယ်လို့ ဒက္ခိဏခရိုင် လမ်းဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးအောင် က ပြောပါတယ်။

"လယ်ရော၊ ယာရောပေါ့နော်၊ ၁၇၁.၉၇ ဧကပါတယ်၊ လယ်တစ်ဧကကို ၁၅ သိန်းနှုန်း၊  ယာတစ်ဧကကို ၅ သိန်းနှု်န်း၊ သီးနှံပင် တစ်ပင်ကို ၃ သောင်းနှုန်း၊ ဒီလိုမျိုးကျနော်တို့  ဖွဲ့စည်းပေးခဲ့ပါတယ်၊ ၂၀၁၅၊ ၁၆ မှာတုန်းက တစ်ကြိမ်ပေးခဲ့ဘူးပါတယ်၊ လယ်ဝေးမှာပေါ့၊ ဒါကပျဉ်းမနားမြို့နယ်ပိုင်းပါ"

ဒီနေ့ ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက် မှာရှိတဲ့ လမ်းဦးစီးဌာနက တောင်သူတွေနဲ့ တွေ့ဆုံပြီး လျော်ကြေးတွေ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ပျဉ်းမနားမြို့နယ် ကင်ပွန်းတန်း ၊ ညောင်ပင်သာ၊ ကျီးအင်း ၊ သစ်လေးလုံး၊ နတ်သူရဲ စတဲ့ ကျေးရွာအုပ်စု ၅ ခု က တောင်သူ ၂၈၀ ကျော်ရဲ့ လယ်ယာမြေတွေ အသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

လျော်ကြေးငွေကို ဒီ့ထက်ပိုပေးသင့်တယ်လို့ ပုရွက်ဆိတ်ကုန်း ကျေးရွာက လယ် နှစ်ဧက အသိမ်းခံခဲ့ရတဲ့ တောင် သူ ကိုသက်ထူးက ပြောပါတယ်။

လယ်တစ်ဧကအတွက် လျော်ကြေး ကျပ် ၁၅ သိန်း ၊ ယာတစ်ဧကအတွက် ကျပ် ၅ သိန်း ၊ သီးနှံ လျော်ကြေးအဖြစ် သရက်ပင် ၁ ပင်ကို ကျပ် ၃သောင်း ၊ မတ်ပဲ ၁ ဧကအတွက် ကျပ် ၅ သိန်း၊ ကြံတစ်ဧကအတွက် ကျပ် ၁၂ သိန်းနဲ့ ဟင်းသီးဟင်းရွက် ၁ ဧကအတွက် ကျပ် ၄ သိန်း ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန် - မန္တလေး မြို့ရှောင်လမ်းကို ပြီးခဲ့တဲ့၂၀၀၃ ခုနှစ်က စတင်ဖောက်လုပ်ခဲ့တာဖြစ်ပြီး လယ်ဝေးမြို့နယ်နဲ့ ပျဉ်းမနားမြို့နယ်အတွင်းမှာ ၁၆ မိုင်ခန့် ပါဝင်နေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org