လမ်းမလွတ်လို့ ဖယ်ရှားပေးရသူတွေ လျော်ကြေး တောင်းခံနိုင်
ရခိုင်ပြည်နယ် ဂွ-သံတွဲ နဲ့ ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းတို့ကို ဆက်သွယ်ဖောက်လုပ် ထားတဲ့ ပြည်ထောင်စုလမ်းမကြီးရဲ့ လမ်းနယ်နမိတ်နဲ့ မလွတ်ကင်းတာကြောင့် ဖယ်ရှားပေး ရမယ့် နေအိမ်တွေ၊ ဥယျာဉ်ခြံပိုင်ရှင်တွေအနေနဲ့ နစ်နာတယ်ဆိုရင် တင်ပြနိုင်ကြောင်း ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်လင်းက ဒီနေ့ ပြောပါတယ်။
-
2017-11-13 -
-
-
ရခိုင်ပြည်နယ် ဂွ-သံတွဲ နဲ့ ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းတို့ကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးရဲ့ လမ်းနယ်နမိတ်နဲ့ မလွတ်ကင်းတာကြောင့် ဖယ်ရှားပေးရမယ့် နေအိမ်တွေ၊ ဥယျာဉ်ခြံပိုင်ရှင်တွေအနေနဲ့ နစ်နာတယ်ဆိုရင် တင်ပြနိုင်ကြောင်း ဂွမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်လင်းက ဒီနေ့ ပြောပါတယ်။
၂၀၁၄ လမ်းမကြီးများဥပဒေအရ ပြည်ထောင်စုလမ်းမကြီးရဲ့ လမ်းနယ်နမိတ်ကို စိစစ်ရတာဖြစ်တယ်လို့ RFA က ဆက်သွယ်မေးမြန်းရာမှာ ဦးအောင်လင်း က ပြောတာဖြစ်ပါတယ်။
"၂၀၁၄ လမ်းမကြီးများဥပဒေဆိုပြီးတော့ လမ်းဦးစီးဌာနက ထုတ်ထားတဲ့ဥပဒေရှိတာပေါ့၊ အဲဒီဥပဒေ အတိုင်း လမ်းနယ်နမိတ်သတ်မှတ်ထားတဲ့နေရာမှာရှိတဲ့ အဆောက်အဦးတွေရှိခဲ့သော် ဘယ်နေရာပဲ ဖြစ်ဖြစ် ရှင်းလင်းလို့ရတယ်ပေါ့၊ လမ်းကအရင်လား၊ အိမ်ကအရင်လား စသည်အားဖြင့်ပေါ့လေ ဒါကရှိသေးတယ်၊ ၂၀၁၄ နောက်ပိုင်းဆောက်ရင်တော့ ဘာမှစဉ်းစားစရာမရှိတော့ဘူး၊ လျော်ကြေးတွေ ဘာတွေလည်း မလိုတော့ဘူးပေါ့နော်။ ဟိုးယခင့်ယခင်ကတည်းက ဆောက်ထားတဲ့ အဆောက်အဦးတွေ ဖြစ်ခဲ့သော် လမ်းဦးစီးဌာနက ဖယ်ရှားမယ်ဆိုရင် ပိုင်ရှင်က လျော်ကြေးတောင်းခံလာခဲ့ရင် တွက်ချက်ပြီး ကာယကံရှင်ဘက်က အခွင့်အရေးရှိသလို တဖက်ကလည်း ပေးဖို့ရာ ဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်"
လက်ရှိမှာ ဂွမြို့နယ် ညောင်ချောင်းကျေးရွာဘက်က နေအိမ် ၂ အိမ်က တင်ပြထားတာကို လမ်းဦးစီးဌာနဆီ ပြန်လွဲှပေးထားတယ်လို့လည်း ပြောပါတယ်။
ဥပဒေအရ လမ်းနယ်နမိတ်တွေကို မြို့/ကျေးရွာအတွင်းဆိုရင် လမ်းလယ်ကနေ တစ်ဖက်ကို ပေ ၅၀ စီ စုစုပေါင်း ပေ ၁၀၀ နဲ့ မြို့/ကျေးရွာအပြင်ဘက်တွေမှာဆိုရင် လမ်းလယ်ကနေ တစ်ဖက်ကို ၇၅ ပေစီ၊ ပေ ၁၅၀ ဆိုပြီး သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဂွမြို့နယ်က ကမ်းသာယာဘက်မှာရှိတဲ့ ဟိုတယ်နဲ့ စားသောက်ဆိုင်တစ်ချို့ကို တစ်လအတွင်း ဖြိုဖျက်ပေးရမယ် ဆိုပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က လက်မှတ်ထိုးခိုင်းတာတွေ ရှိတယ်လို့လည်း ဒေသခံတချို့က ပြောပါတယ်။
ပြည်ထောင်စုလမ်းမကြီးရဲ့ လမ်းနယ်နမိတ်အတွင်း မလွတ်တဲ့ နေအိမ်နဲ့ ဥယျာဉ်ခြံမြေ ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ အတိအကျမသိရသေးဘူးလို့ ဦးအောင်လင်းက ပြောပါတယ်။