ကချင်အထူးဒေသ (၁) မှာ ပြည်သူ့စစ်က လူသစ်စုဆောင်းနေကြောင်း ဒေသခံတွေပြော

ကချင်ပြည်နယ်၊ ချီဖွေနဲ့ ဆော့လော်မြို့တွေကို KIA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အဲဒီဒေသမှာရှိနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေက တစ်ပတ်အတွင်း လူရာနဲ့ချီပြီး လူသစ်စုဆောင်းခံနေရတယ်လို့ ဒေသခံတွေက အောက်တိုဘာလ ၁၀ ရက်နေ့မှာ ပြောပါတယ်။

ကချင်အထူးဒေသ (၁) ပန်ဝါမြို့ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း တွေ့ရစဉ်။ Citizen Photo

ကချင်ပြည်နယ်၊ ချီဖွေနဲ့ ဆော့လော်မြို့တွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အဲဒီဒေသမှာရှိနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေက တစ်ပတ်အတွင်း လူရာနဲ့ချီပြီး လူသစ်စုဆောင်းခံနေရတယ်လို့ ဒေသခံတွေက အောက်တိုဘာလ ၁၀ ရက် ဒီနေ့မှာ ပြောပါတယ်။

ဦးဇခုန်တန့်ယိန်း ဦးဆောင်တဲ့ ကချင်အထူးဒေသ (၁) ပြည်သူ့စစ်အဖွဲ့က KIA သိမ်းပိုက်ထားတဲ့ မြို့နှစ်မြို့နဲ့ နယ်မြေချင်းတစ်ဆက်တည်းဖြစ်တဲ့ တရုတ်-မြန်မာ နယ်စပ် ပန်ဝါ၊ ကန်ပိုက်တီမြို့တွေနဲ့ ချန်းမော်ဒုန်းဒေသတွေမှာ လူသစ်စုဆောင်းမှုတွေ လုပ်နေတာလို့ ဆိုပါတယ်။

နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကန်ပိုက်တီမြို့မှာတော့ အခုတစ်ပတ်အတွင်းမှာ လူတစ်ရာထက်မနည်း ဖမ်းဆီးခံရပြီး ပြည်သူ့စစ်အဖွဲ့က စစ်သင်တန်းတက်ခိုင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"လမ်းသွားလမ်းလာတွေကိုလည်း ဖမ်းတယ်။ နေအိမ်တွေကလည်း ဖမ်းတယ်။ ကန်ပိုက်တီမြို့နားက ရွာတွေကလည်းဖမ်းတော့ အယောက် တစ်ရာလောက်တော့ရှိမယ်။ တချို့ကို စစ်သင်တန်းတက်ခိုင်းနေတယ်။ တချို့ကိုတော့ ရှေ့တန်းပို့တယ်။ သူတို့ပြောထားတာ တစ်အိမ်တစ်ယောက် မလုပ်မနေရပေါ့။ ဒါပေမဲ့ အခု အစ်ကိုတွေ လုပ်နေလည်း ညီတွေကို ထပ်ခေါ်သွားတာ ရှိနေတယ်"

ကချင်အထူးဒေသ (၁) နယ်မြေအတွင်းမှာ နေထိုင်သူတွေအနေနဲ့ ဒေသကာကွယ်ရမဲ့ အရေးပေါ်အချိန်ဖြစ်လို့ တစ်အိမ်တစ်ယောက် ရှေ့တန်းတာဝန် မဖြစ်မနေ ထမ်းဆောင်ရမယ်လို့ ဇွန်လ ၁၈ ရက်နေ့မှာ ပြည်သူ့စစ်အဖွဲ့က ထုတ်ပြန်ထားပြီး လက်ရှိမှာ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် အဲဒီထုတ်ပြန်ချက်ကို အကောက်အထည်ဖော် စုဆောင်းတာလို့ သူက ပြောပါတယ်။

ပြည်သူ့စစ်ဌာနချုပ်ရှိတဲ့ ပန်ဝါမြို့မှာလည်း နေ့ရောညပါ ဖမ်းဆီးမှုတွေရှိနေတယ်လို့ ပန်ဝါဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ပန်ဝါမှာလည်း နေ့ရောညပါ စစ်ဆေးနေတယ်။ အရမ်းကြောက်နေရတယ် ထွက်ပြေးမဲ့လမ်းက မရှိဘူး။ မြေရှားသတ္တုတူးတာတွေ ပိတ်တော့ ပန်ဝါမှာ သောင်တင်နေတာ အများကြီးပဲ။ နေထိုင်ခွင့်၊ အလုပ်သမားကတ်၊ မှတ်ပုံတင်တွေ စစ်ပြီး ဖမ်းနေတာ။ တည်းခိုးခန်း၊ အဆောင်တွေ အထိ စစ်ဆေးပြီး ဖမ်းနေတာ။ အရေအတွက် အတိအကျတော့ မသိဘူး"

ချီဖွေနဲ့ ဆော့လော်ကို KIA က သိမ်းပိုက်လိုက်တဲ့နောက်ပိုင်းမှာ အဲဒီဒေသထဲမှာ ရှိနေတဲ့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်တချို့ ရပ်နားထားပြီး ပြည်သူ့စစ်က လူသစ်စုဆောင်းအထဲမှာ ဒေသခံပြည်သူတွေအပြင် မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တွေက အလုပ်သမားတွေကိုပါ ဖမ်းဆီးစုဆောင်းနေတာလို့ သူက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ဦးဇခုန်တိန့်ယိန်းနဲ့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ချီဖွေ၊ ဆော့လော်၊ ကန်ပိုက်တီကို ၁၉၈၈ ခုနှစ်နောက်ပိုင်း KIA ကနေ ခွဲထွက်ခဲ့တဲ့ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K ပြည်သူ့စစ်က ထိမ်းချုပ်ခဲ့သလို ကချင်အထူးဒေသ (၁) အဖြစ် အဲဒီအချိန် စစ်အစိုးရက ၁၉၉၄ ခုနှစ်မှာ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ကချင်အထူးဒေသ (၁) ထဲဝင်လာတဲ့ KIA၊ PDF ကို ရန်သူအဖြစ်သတ်မှတ်ပြီး ပြတ်ပြတ်သားသား ခုခံကာကွယ်ကြဖို့ ပြည်သူ့စစ်က ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်မှာ စစ်မိန့်ထုတ်ထားတာလည်းရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org