မင်းကင်းမြို့နယ်မှာ ဒေသခံတစ်ဦးကို ပျူစောထီး သတ်ဖြတ်ခဲ့ကြောင်း ပြော
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာရှိတဲ့ ချင်းတွင်းမြစ်ဘေးက အိုးဘိုးရွာအနီးမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့ က စစ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက သံပေါက်ကျေးရွာသား ငါးယောက်ကို ဖမ်းဆီးပြီး အဲဒီအထဲက အသက် ၂၆ နှစ်အရွယ် ကိုလှိုင်ဝေဦးကို ဖမ်းဆီး ခံရသူတွေရဲ့ရှေ့မှာပဲ သတ်ဖြတ်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်ဒေသခံတစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။
- 2021-08-12
-
-
-
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာရှိတဲ့ ချင်းတွင်းမြစ်ဘေးက အိုးဘိုးရွာအနီးမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့ က စစ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက သံပေါက်ကျေးရွာသား ငါးယောက်ကို ဖမ်းဆီးပြီး အဲဒီအထဲက အသက် ၂၆ နှစ်အရွယ် ကိုလှိုင်ဝေဦးကို ဖမ်းဆီးခံရသူတွေရဲ့ရှေ့မှာပဲ သတ်ဖြတ်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်ဒေသခံတစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။
ကိုလှိုင်ဝေဦးကို ပန်းဆက်ရွာက စာသင်ကျောင်းထဲမှာ သတ်ဖြတ်လိုက်ကြတာလို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ မျက်မြင်သေက ပြောပါတယ်။
“အမေဖြစ်တဲ့သူက နေမကောင်းလို့ ပန်းဆက်ရွာနားက ယားရွာကို သားနှစ်ယောက်က သွားခေါ်တာ။ အပြန်ကျ အမေနဲ့သားနှစ်ယောက်နဲ့ အမျိုးသား နှစ်ယောက် စုစုပေါင်း ငါးယောက် အတူပြန်လာတာကို ပန်းဆက်ရွာဘေးက အိုးဘိုရွာနားမှာ ဖမ်းခံလိုက်ရတယ်။ တော်လှန်ရေးလုပ်တယ် ဆိုပြီးဖမ်းသွားတာပေါ့၊ သားနှစ်ယောက်ထဲက တစ်ယောက်ကိုတော့ မျက်စိရှေ့တင် ရိုက်သတ်ပြီး တာလပတ်နဲ့ပတ်၊ ထော်လာဂျီ ပေါ်တင်သွားတယ်။ အမျိုးသမီးအပါအဝင် သုံးယောက်ကို ၁၀ ရက်နေ့လောက်က ပြန်လွှတ်ပေးလိုက် တယ်”
ဖမ်းဆီးသွားတဲ့သူနဲ့ ပတ်သက်လို့ ဒီနေ့အထိ ဘာသတင်းအစအနမှ မရတော့တာကြောင့် သတ်ဖြတ်ခံရမှာကို စိုးရိမ်နေကြတယ်လို့လည်း သူကပြောပါတယ်။
ဒီသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး နောက်ထပ်အသေးစိတ်သိရဖို့ RFA က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
အခုလတ်တလောမှာတော့ မင်းကင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် ပျူစောထီးတွေပါဝင်တဲ့ စစ်ကောင်စီတပ်သားတွေ ရွာတွေထဲကို ဝင်ရောက် ရှာဖွေဖမ်းဆီးတာတွေလုပ်နေလို့ ဒေသခံတွေဟာ နေအိမ်မပြန်ရဲကြတာ အချိန်တစ်လကျော်ကြာမြင့်နေပြီ လို့လည်း သံပေါက်ရွာက ကျေးရွာသားတစ်ဦးက ပြောပါတယ်။
သံပေါက်ရွာမှာ ကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြတာကို အခွင့်ကောင်းယူပြီး ပျူစောထီးတွေ ပါဝင်တဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်တွေပစ်ဖောက်ပြီးတော့ ရွာမှာရှိတဲ့ စားနပ်ရိက္ခာတွေနဲ့ ကျွဲနွားတွေ၊ အိမ်ထောင်ပရိဘောဂပစ္စည်းတွေကို သယ်ယူတာတွေလုပ်နေတယ်လို့လည်း တုံပါကျေးရွာက ဒေသခံတွေက ပြောပါတယ်။