သူပုန်လို့စွပ်စွဲပြီး အစိုးရတပ်က ဖမ်းဆီးထားသူတွေအတွက် စိုးရိမ်ကြောင်း ကင်တားနား ပြော
ကချင်အမျိုးသားတွေကို သူပုန်လို့စွပ်စွဲပြီး အစိုးရတပ်က ဖမ်းဆီးညှင်းပန်းတာကို အထူးစိုးရိမ်မကင်း ဖြစ်ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana မစ္စတာ တိုမတ်စ် အိုဟေး ကင်တားနားက ပြောကြားပြီး ရန်ဘက်ပြုနေတာ အဆုံးသတ်ဖို့ ဒီ့ထက်ပိုကြိုးစားပါလို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။
-
2013-02-16 -
-
-
မြန်မာနိုင်ငံကို ငါးရက်ကြာလာရောက်တဲ့ ခရီးစဉ်အပြီး ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားတာဖြစ်ပြီး ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့လည်း လူမျိုးရေးနဲ့ ဘာသာရေးအခြေခံပြီး ခွဲခြားဆက်ဆံတာကို မဖြေရှင်းနိုင်ရင် အပြန်အလှန်လေးစားတဲ့ စေ့စပ်ဆွေးနွေးရေးဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့လည်း သတိပေးပါတယ်။
ခရီးစဉ်အတွင်း မြစ်ကြီးနားနဲ့ စစ်တွေမြို့တွေကို ရောက်ရှိခဲ့ပြီး နေပြည်တော်နဲ့ ရန်ကုန်မှာလည်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။
နေပြည်တော်မှာ အစိုးရဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပြီး ရန်ကုန်မှာ နိုင်ငံရေးပါတီတွေ၊ ဒေါ်အောင်ဆန်းစုကြည်၊ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်နဲ့ ကျောင်းသားတွေ စတာတွေ အတော်များများနဲ့တွေ့ဆုံခဲ့တယ်လို့ ပြောသွားတာပါ။
Mr Quintana ဟာ ဒုက္ခသည်စခန်းတွေ၊ အကျဉ်းထောင်တွေလည်း သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်လာရောက်ဖို့ မြန်မာအစိုးရက ဖိတ်ခေါ်တာနဲ့ ခရီးစဉ်အတွင်း အထူးသဖြင့် ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ် သွားရောက်တဲ့ ခရီးတွေမှာ ပူးပေါင်းဆောင်ရွက်တဲ့အတွက် ကျေးဇူးတင်ရှိကြောင်းလည်း Mr Quintana က ပြောကြားပါတယ်။
ဒါနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ ပြောကြားချက်ကို RFA ဝိုင်းတော်သူ ဒေါ်စန်းစန်းတင် က တင်ပြထားတာ နားဆင်နိုင်ပါတယ်။
အသံဖိုင်နားထောင်ရန် |
|
အသံဖိုင်ယူရန်။ |