ရခိုင်ပြည်သူ ငါးသောင်းနီးပါး မုန်တိုင်းအန္တရာယ်ရှောင်ဖို့ AA ကူညီ
မုန်တိုင်းအန္တရာယ်ကျရောက်နိုင်တဲ့ ပင်လယ်ကမ်းစပ်ဒေသတွေနဲ့ မြေနိမ့်ပိုင်းဒေသ ကျေးရွာတွေက ဒေသခံ လေးသောင်းကျော်ကို ရက္ခိုင့်တပ်တော်(AA)က လုံခြုံမယ့်နေရာကို ပို့ဆောင်ကူညီထားတယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခက ပြောပါတယ်။
-
RFA Burmese
2023-05-12 -
-
-
ရခိုင်ပြည်နယ်မှာ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်တဲ့ ပင်လယ်ကမ်းစပ်ဒေသတွေနဲ့ မြေနိမ့်ပိုင်းဒေသ ကျေးရွာတွေက ဒေသခံပြည်သူ လေးသောင်းကျော်ကို ရက္ခိုင့်တပ်တော်(AA)က လုံခြုံမယ့်နေရာကို ပို့ဆောင်ကူညီထားတယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခက RFA ကိုပြောပါတယ်။
မုန်တိုင်းအန္တရာယ်ရှိနေတဲ့ စစ်တွေ၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ မောင်တော စတဲ့မြို့နယ်တွေနဲ့ တခြားမြို့နယ်တွေက ဒေသခံတွေကို ကူညီပေးထားတာလို့ ပြောပါတယ်။
“ကျွန်တော်တို့ ရက္ခိုင့်တပ်တော်(AA)အနေနဲ့ မုန်တိုင်း မရောက်လာခင် မုန်တိုင်းဖြတ်ကျော်နိုင်တဲ့ ပင်လယ်ကမ်းစပ်နားက မြေနိမ့်ပိုင်းနေရာက ပြည်သူတွေကို ပိုပြီးဘေးအန္တရာယ်အနည်းဆုံး နေရာကို ပြောင်းရွှေ့နေရာချထားပေးတာရှိပါတယ်။ ဒီပြောင်းရွှေ့မှုတွေကို မေလ ၁၀ရက်နေ့ကတည်းကနေ ဒီနေ့အထိ လုပ်ဆောင်နေတာပါ။ အားလုံးဆိုရင် ငါးသောင်းနီးပါးရှိပါတယ်”
ဘေးလွတ်ရာ ခိုလှုံသူတွေအတွက် လိုအပ်တဲ့ နေထိုင်စားသောက်ရေးနဲ့ ဆေးဝါးကုသမှုတွေလည်းစီစဉ်ထားတယ်လို့လည်းဆိုပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူး ဦးစီးဌာနကလည်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ မေလ ၁၂ရက်နေ့ ဒီကနေ့ မနက်တိုင်းထွာချက်အရ အားအလွန်ကောင်းတဲ့ မိုခါ(MOCHA) ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကို ပြောင်းလဲလာပြီး တစ်နာရီကို မိုင်-၁၁၀ အထိ တိုက်ခတ်နိုင်တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီမုန်တိုင်းဟာ မေလ ၁၄ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နဲ့ မြန်မာနိုင်ငံ ကျောက်ဖြူမြို့ကြား စစ်တွေမြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။