ရခိုင်နဲ့ ပလက်ဝမှာ ဒုက္ခသည် နှစ်သောင်းခွဲကျော် တိုးလာကြောင်း ကုလထုတ်ပြန်
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့အကြား ပြန်လည်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၂၆,၀၀၀ ကျော် တိုးလာတယ်လို့ UNOCHA က ထုတ်ပြန်ပါတယ်။
-
RFA Burmese
2023-11-18 -
-
-
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့အကြား ပြန်လည်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၂၆,၀၀၀ ကျော် တိုးလာတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂရဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ စာရင်းတွေအရ ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ဒုက္ခသည် စုစုပေါင်း ကိုးသောင်းအထိရှိလာပြီး အဲဒီထဲက အသစ်ထပ်တိုးလာတဲ့ ၂၆,၀၀၀ ကျော်ဟာ မြန်မာစစ်တပ်နဲ့ AA တို့အကြား အပစ်အခတ်ရပ်စဲပြီး တစ်နှစ်အကြာ ပြန်ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးရတဲ့အရေအတွက် ဖြစ်ပါတယ်။
ဒါဟာ အရင်က ရှိပြီးသား ရိုဟင်ဂျာ ဒုက္ခသည် တစ်သိန်းခွဲအပြင် ထပ်တိုးလာတာလည်း ဖြစ်တယ်လို့ UNOCHA ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နေ့မှာ AA က ရခိုင်ပြည်နယ် ပေါက်တောမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့နောက်၊ မြန်မာစစ်တပ်က ပြန်လည် ထိန်းချုပ်နိုင်ဖို့ လေကြောင်း နဲ့ ရေကြောင်းတွေကနေ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း ပါရှိပါတယ်။
ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ပေါက်တော၊ မောင်တောမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာတော့ တိုက်ပွဲမရှိပေမဲ့ AA ထိန်းချုပ်ထားတဲ့ ဒေသတွေကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ကစလို့ မောင်တော၊ မြောက်ဦး၊ ကျောက်တော်နဲ့ အမ်းမြို့နယ်တွေမှာ လက်နက်ကြီးပစ်ခတ်လို့ အနည်းဆုံး ၁၁ ဦး သေဆုံးပြီး အယောက် ၃ဝ ထိခိုက်ဒဏ်ရာရခဲ့သလို လူ ၁၀၀ ထက်မနည်းကို စစ်ကောင်စီတပ်တွေ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
အခုအချိန်မှာ မြန်မာစစ်တပ်ဟာ ရန်ကုန်-စစ်တွေ လမ်းမအပါအဝင် ရခိုင်ပြည်နယ်က အဓိက ကုန်းလမ်းနဲ့ ရေလမ်း ဆက်သွယ်ရေး လမ်းကြောင်းတွေကို ကန့်သတ်ပိတ်ပင်ထားပြီး အရပ်သားပြည်သူတွေ ရွှေ့ပြောင်းသွားလာတာနဲ့ လူသားချင်း စာနာမှု အကူအညီတွေ သွားပေးတာတွေကိုလည်း ကန့်သတ်ထားတယ်လို့ UNOCHA ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အောက်တိုဘာလကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာလည်း ရက္ခိုင့်တပ်တော် AA နဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်။