အမ်းမြို့မှာ လက်နက်ကြီးကျပြီး ဒေသခံ အရပ်သား လေးဦး ထိခိုက်ဒဏ်ရာရ

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာအုပ်စု သဲကမ်းထောင်းကျေးရွာထဲကို လက်နက်ကြီးကျည်ကျတာကြောင့် ဒေသခံ အရပ်သား လေးဦး ထိခိုက်ဒဏ်ရာရ ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာအုပ်စု သဲကမ်းထောင်းကျေးရွာထဲကိုကျရောက်တဲ့ လက်နက်ကြီးကျည်ကို တွေ့ရစဉ် Photo: CJ

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာအုပ်စု သဲကမ်းထောင်းကျေးရွာထဲကို လက်နက်ကြီးကျည် ကျတာကြောင့် ဒေသခံ အရပ်သား လေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် ၁၁ နာရီလောက်က သဲကမ်းထောင်းကျေးရွာဘက်မှာ လက်နက်ကြီးကျည် နှစ်လုံးကျခဲ့ပြီး တစ်လုံးက ရွာထဲကိုကျတာကြောင့် ဒေသခံ လေးဦး ထိခိုက် ဒဏ်ရာရသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လို့တဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"ရွာထဲကိုကျတယ်၊ ဘာမှအဖြစ်ဘူး၊ ကဇူးကိုင်းတောင်ပေါ်ကပစ်တာ၊ ဒီရွာမှာဘာမှမဖြစ်ဘူး၊ တစ်ခါမှလည်း မဖြစ်ဘူးဖူး၊ ရွာထဲကို လက်နက်ကြီး နှစ်လုံးကျတယ်၊ အိမ်ကတစ်လုံးပြိုသွားတယ် လက်နက်ကြီးကျလို့ တစ်လုံးက ရွာစပ်ကျတယ်၊ တစ်လုံးက ရွာထဲကျလို့ လေးယောက်ဒဏ်ရာရတယ် လေးယောက် ဒဏ်ရာ ရသွားပါတယ်၊ ကမ်းထောင်းကြီးဆေးရုံကို တင်ထားပါတယ်"


လက်နက်ကြီးကျတာကြောင့် အိမ်ခြေ ၈၀ ရှိတဲ့ သဲကမ်းထောင်း ကျေးရွာသာတွေလည်း နီးစပ်ရာ ထွက်ပြေး ကြသလို တချို့က ရွာထဲမှာ ပုန်းနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျတာကြောင့် အသက် ၄၀ အရွယ် ဦးမောင်မောင်သန်း နံရိုးဘေးမှာ ထိမှန်ခဲ့ပြီး အသက် ၃၁ အရွယ် ဦးထွန်းထွန်းသိန်းမှာလည်း လည်ပင်းမှာထိမှန်သလို၊ အသက် ၂၀ ကျော် အရွယ် ကိုငလုံး မျက်နှာနဲ့ အသက် ၂၀ အရွယ် မမေလှချေမှာလည်း ဗိုက်မှာထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လည်ပင်းကို ထိမှန်တဲ့ ဦးထွန်းထွန်းသိန်းဟာ နေအိမ်မှာထမင်းစားနေချိန် လက်နက်ကြီးကျည် လာစင်ပြီး မှန်တာလို့ သူအမျိုးသမီးက ပြောပါတယ်။

"လက်နက်ကြီးကျည်ကျလို့ လေးယောက်ဆေးရုံမှာ ဆေးကုသနေရတယ်၊ စိုးရိမ်ရလားဆို ဆရာဝန်ကြီးတော့ မမေးရသေးဘူး၊ ဆရာဝန်ကြီးရောက်မှ မေးကြည့်ရမယ်၊ အမ ယောက်ျားက လည်ပင်းမှာတစ်ချက်၊ ဗိုက်ကြော မှာတစ်ချက်၊ အမယောက်ျားက အိမ်မှာဘဲ အဲချိန်တုန်းက ထမင်းစားနေတာ၊ ရွာထဲကိုလက်နက်ကြီး ကျတယ် ဘယ်နေရာကျလည်းတော့မသိဘူး အဲမှာလာစင်ပြီး ထိတာ"

တပ်မတော်ကပစ်လို့ အမ်းမြို့ဒေသခံတွေ ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ သူ့အနေနဲ့ မသိသေးကြောင်း ပြောပါတယ်။

အမ်းမြိုနယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်ကို ဆက်သွယ်မေးမြန်းရာမှာလည်း ကဇူးကိုင်း ကျေးရွာအုပ်စုမှာ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်ဆိုတဲ့သတင်းကို မကြားမိသေးကြောင်းသာ ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အမ်းမြို့ဒေသခံ ကိုမျိုးလွင်ကတော့ ကဇူးကိုင်းအုပ်စုမှာ တပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်တာကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရတာ သုံးရွာရှိတယ်လို့ ပြောပါတယ်။

“ကဇူးကိုင်းမှာတော့ တပ်မတော်က နေတိုင်းလိုလို လက်နက်ကြီးတွေနဲ့ ပစ်နေတယ်၊ ကဇူးကိုင်းထဲမှာ ကျေးရွာ ရှစ်ရွာရှိတယ်၊ အဲမှာ ကျေးရွာသုံးရွာက ရွာလုံးကျွတ်ထွက်ပြေးသွားကြပြီ၊ ခုဖြစ်တဲ့ရွာဆိုရင်လည်း ၅၀ ရာခိုင်နှုန်းလောက် ထွက်ပြေးသွားကြပြီ၊ လူဦးရေ ရှစ်ထောင်ကျော်နေထိုင်တဲ့ ကဇူးကိုင်းအုပ်စုမှာ လူဦးရေ တစ်ထောင်ကျော်လောက် အများစုကန်းထောင်းကြီးကို ထွက်ပြေးသွားကြပြီ”

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့ကလည်း အမ်းမြို့နယ် ဒါးလက်ကျေးရွာအုပ်စု နတ်မော်ရွာမှာ လက်နက်ကြီးကျည် ကျတာကြောင့် ဒေသခံနှစ်ဦးသေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။

အမ်းမြို့ပေါ်မှာ အစိုးရက စီစဉ်ပေးထားတဲ့ စစ်ဘေးဒုက္ခသည်စခန်း နှစ်ခုရှိပြီး အဲဒီမှာ ဒုက္ခသည် ၁၅၀၀ ကျော် ရှိနေပါတယ်။

စခန်းမှာ လူမဆန့်တော့တာကြောင့် အမ်းမြို့ပေါ် ရပ်ကွက်အသီးသီးမှာ အိမ်၊ မြေနေရာ ငှားရမ်းနေထိုင်နေရတဲ့ ဒုက္ခသည်အရေအတွက်က သုံးထောင်ကျော် ရှိနေတာပါ။

စခန်းပြင်ပက ဒုက္ခသည်တွေဟာ အကူအညီအထောက်အပံ့တွေ မရတဲ့အတွက် စားဝတ်နေရေး အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။

RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ ဒီနေ့ ဇူလိုင် ၂၆ ရက်နေ့အထိ သေဆုံးတဲ့ အရပ်သား ၂၇၄ ဦးနဲ့ ထိခိုက်ဒဏ်ရာ ရတဲ့ အရပ်သား ၅၉၂ ဦးအထိ ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org