ရခိုင်ကျောင်းသားလေးဦးကို ပြန်လွှတ်ပေးဖို့ ရခိုင်အမျိုးသားပါတီ လူငယ်တွေ တောင်းဆို

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စက်တင်ဘာလ ၁၆ ရက် မနေ့က ထောင်ဒဏ် ချမှတ် ခံလိုက်ရတဲ့ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက ကျောင်းသားလေးဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ရခိုင်အမျိုးသားပါတီ (ဗဟို) ရဲ့ လူငယ်အဖွဲ့ဖြစ်တဲ့ ANP Youth Wing က ဒီနေ့မှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

စစ်တပ်နဲ့ အစိုးရကို အလိုမရှိကြောင်း ၂၀၂၀၊ အောက်တိုဘာ ၁၉ ရက်နေ့က ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ ဝန်းရံသူတွေ စစ်တွေမြို့မှာ ဆန္ဒဖော်ထုတ်ခဲ့စဉ် Photo: RFA

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စက်တင်ဘာလ ၁၆ ရက် မနေ့က ထောင်ဒဏ် ချမှတ်ခံလိုက်ရတဲ့ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက ကျောင်းသားလေးဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ရခိုင်အမျိုးသားပါတီ (ဗဟို) ရဲ့ လူငယ်အဖွဲ့ဖြစ်တဲ့ ANP Youth Wing က ဒီနေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

သူတို့ဟာ ရခိုင်စစ်ရေး ပဋိပက္ခအတွင်းမှာ ရပ်သားတွေ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာ ရတာတွေနဲ့ နစ်နာမှုတွေ အတွက် ပြည်သူဘက်က ရပ်တည်ပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြတာ ဖြစ်လို့ အခုလို ပြစ်ဒဏ်ချမှတ်တာဟာ တရားမျှတမှု မရှိဘူးလို့လည်း ဒီနေ့ ထုတ်ပြန်တောင်းဆိုတဲ့ ANP Youth Wing ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဆန်းဌေးမောင်က RFA ကိုပြောပါတယ်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုကောင်းထွန်းနဲ့ ကျောက်ဖြူပညာရေး ကောလိပ်က ကိုမြတ်စိုးဝင်းတို့ဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားအောင်လှုံ့ဆော်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (ခ) အတွက် ထောင်ဒဏ် နှစ်နှစ်နဲ့ ဘေးစီမံပုဒ်မ ၂၅ အတွက် ထောင်ဒဏ် ခြောက်လ စုစုပေါင်း နှစ်နှစ်ခွဲ ချမှတ်ခံလိုက်ရတာပါ။

အဲဒီ ကျောင်းသားလေးဦးကို အခုလို ပြစ်ဒဏ်ချမှတ်လိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ မတရားပြစ်ဒဏ်ပေးခြင်းကနေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က စစ်တွေမြို့မှာ ဒေသခံ တစ်ရာလောက်နဲ့အတူ ဆန္ဒပြ တောင်းဆိုနေစဉ်အတွင်းမှာပဲ ရဲကဝင်ရောက် ဖမ်းဆီးသွားတာပါ။

အဲဒီနောက် စစ်တွေမြို့နယ် ရဲမှူးဇော်နိုင်နဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ဦးစီးအရာရှိ ဦးအောင်စံဝေတို့က တရားလိုလုပ်ပြီး နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၉ တို့နဲ့ တရားစွဲဆို ခဲ့တာဖြစ်ပြီး အမှုရင်ဆိုင်လို့ အချိန် တစ်နှစ်နီးပါးအကြာမှာ စစ်တွေမြို့နယ် တရားရုံးကနေ အခုလို အမိန့်ချက်မှတ်လိုက်တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org