ရခိုင်ကယ်ဆယ်ရေးစခန်းမှာ နေထိုင်သူတွေကို စားနပ်ရိက္ခာ ထောက်ပံ့မှုရပ်ဆိုင်း

ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်မှာရှိတဲ့ ရခိုင်ကယ်ဆယ်ရေးစခန်းက အိမ်ထောင်စုပေါင်း ၆၅ စု လူဦးရေ ၂၅၀ ခန့်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က စားနပ်ရိက္ခာတွေ ထောက်ပံ့တာကို ဒီစက်တင်ဘာလကစပြီး ရပ်ဆိုင်းလိုက်တယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်မှာရှိတဲ့ ရခိုင်ကယ်ဆယ်ရေးစခန်းကို ၂၀၁၈၊ စက်တင်ဘာ ၁ ရက်နေ့က တွေ့ရစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်မှာရှိတဲ့ ရခိုင်ကယ်ဆယ်ရေးစခန်းက အိမ်ထောင်စုပေါင်း ၆၅ စု လူဦးရေ ၂၅၀ ခန့်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က စားနပ်ရိက္ခာတွေ ထောက်ပံ့တာကို ဒီစက်တင်ဘာလကစပြီး ရပ်ဆိုင်းလိုက်တယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

မင်းဂံရပ်ကွက် ရခိုင်ကယ်ဆယ်ရေးစခန်းမှာ အိမ်ထောင်စု ၁၅၀ ကျော်နဲ့ လူဦးရေ ၆၀၀ ကျော်ရှိတာဖြစ်ပြီး အဲဒီအထဲက အိမ်ထောင်စု ၆၅ စုကို စားနပ်ရိက္ခာ ထောက်ပံ့တာတွေကို ရပ်ဆိုင်းလိုက်တာလို့ စခန်းစီမံခန့်ခွဲရေး ခေါင်းဆောင် ဦးမောင်ဘုလှက RFA ကို ဒီနေ့ ပြောပါတယ်။

"ရိက္ခာဖြတ်တာက ပထမရှိတဲ့ မူလ ရိက္ခာရနေတာက ၆၁၂ ယောက်၊ အိမ်ထောင်စုက ၁၅၁။ အဲဒါမှာ အခု ဖြတ်တာ ၂၄၃ ယောက်၊ အိမ်ထောင်စုက ၆၅ အိမ် ဖြတ်တာပေါ့။ သူတို့ပြောတာက ဒီစာရင်းက နောက်လာလို့ ရှိရင်လည်း ဒီစာရင်းနဲ့ပဲ လာမှာ။ ကျနော်တို့ကို အဲလိုပြောသွားပါတယ်။ အမှန်ဆိုလို့ရှိရင် ကျနော်တို့ကို စခန်းခေါင်းဆောင်အဖွဲ့ဝင်တွေကိုတော့ အသိပေးသင့်တယ်လို့ ထင်ပါတယ်။ ခုက သူတို့ဆုံးဖြတ်ချက်နဲ့ သူတို့ လုပ်တယ်လို့တော့ ကျနော် ပြောချင်ပါတယ်"

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကနေ စားနပ်ရိက္ခာတွေကို တဆင့်ခံ ဖြန့်ဖြူးပေးနေသူတွေက အခုလို ရပ်ဆိုင်းဖို့ အတွက် မနေ့က အကြောင်းကြားလာတာဖြစ်ပြီး ဘာကြောင့် ရပ်ဆိုင်းလိုက်တယ်ဆိုတာကို တိတိကျကျ မသိရသေးဘူးလို့ ဦးမောင်ဘုလှက ပြောပါတယ်။

စားနပ်ရိက္ခာဖြတ်တောက်ခံရတဲ့ အိမ်ထောင်စုတွေဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ အနေအထားကို မရောက်သေးတဲ့အတွက် ရိက္ခာတွေကို ဆက်လက်ထောက်ပံ့နိုင်ရေး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ထံ စာရေးသားပေးပို့သွားမယ်လို့ ဆိုပါတယ်။

မင်းဂံရပ်ကွက်က ရခိုင်ကယ်ဆယ်ရေးစခန်းဟာ ၂၀၁၂ ခုနှစ်က စစ်တွေမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူတွေကို အစိုးရက လုံးချင်းနေအိမ်တွေနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလက ပြန်လည် နေရာချထားခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org