ရခိုင်ပဋိပက္ခမှာ တာဝန်ရှိသူတွေကို တရားစွဲဆိုဖို့တိုက်တွန်း
ရခိုင်ပြည်နယ် ပဋိပက္ခမှာ တာဝန်ရှိသူတွေကို ရာဇဝတ်ကြောင်းနဲ့ တရားစွဲဆိုဖို့ အမြန်လိုအပ်နေပြီလို့ ဝါရှင်တန် အခြေစိုက် PILPG ခေါ် ပြည်သူ့ နိုင်ငံတကာနဲ့ ဥပဒေနဲ့ မူဝါဒရေးရာအဖွဲ့ရဲ့ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။
-
2018-12-03 -
-
-
ရခိုင်ပြည်နယ် ပဋိပက္ခမှာ တာဝန်ရှိသူတွေကို ရာဇဝတ်ကြောင်းနဲ့ တရားစွဲဆိုဖို့ အမြန်လိုအပ်နေပြီလို့ ဝါရှင်တန် အခြေစိုက် PILPG ခေါ် ပြည်သူ့ နိုင်ငံတကာနဲ့ ဥပဒေနဲ့ မူဝါဒရေးရာအဖွဲ့ရဲ့ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။
အဲဒီအဖွဲ့ဟာ အမေရိကန် အထက်လွှတ်တော် နဲ့ ပူးတွဲဆောင်ရွက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည် တစ်ထောင်ကျော်ကို တွေ့ဆုံမေးမြန်းပြီး ထုတ်ပြန်တာလို့ ရိုက်တာ သတင်းက ဖေါ်ပြပါတယ်။
တွေ့ဆုံမေးမြန်းချက်တွေအရ မြန်မာစစ်တပ်ဟာ လူသားအဖြစ်ကို ဆန့်ကျင်တဲ့ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု နဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာ ယုံကြည်ရတဲ့ အချက်အလက်တွေ တွေ့ခဲ့ရတဲ့အတွက် တာဝန်ရှိသူတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC လိုမျိုး ဆုံးဖြတ်စီရင်မယ့် အဖွဲ့အစည်းတစ်ရပ် ထူထောင်သင့်ပြီလို့ ဆိုပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့လည်း ရခိုင်ကိစ္စ သံသယရှိသူတွေကို လက်နက် ပိတ်ဆို့တာ၊ ပစ်မှတ်ထား ပိတ်ဆို့အရေးယူတာ၊ ICC ဒါမှမဟုတ် ခုံရုံးတစ်ရပ်အမြန်ဖွဲ့ပြီး တရားစီရင်ဖို့လည်း တိုက်တွန်းထားပါတယ်။
ဒါပေမဲ့ တရုတ် နဲ့ ရုရှားမှာ မြန်မာကို ကာကွယ်ဖို့ ဗီတိုအာဏာရှိနေတယ်လို့ သံတမန်တွေက ပြောပါတယ်။
ဒီအတွင်း ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေက သူတို့အတွက် လုံခြုံရေး၊ အခြေခံ လူ့အခွင့်အရေးတွေနဲ့ နိုင်ငံသားဖြစ်မှုတွေ အသေအချာ မရရှိသေးသမျှ မြန်မာနိုင်ငံကို မပြန်လိုကြောင်း ပြောဆိုကြတယ်လို့ Daily Star သတင်းက ဖေါ်ပြပါတယ်။
ကုလသမဂ္ဂ UNHCR ရဲ့ စာရင်းဇယားတွေအရ ဒီနှစ် ဇန်ဝါရီလ ၁ ရက်ကနေ နိုဝင်ဘာ ၁၅ ရက်အထိ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေကို နောက်ထပ် ရောက်ရှိလာသူပေါင်း တစ်သောင်းခွဲလောက်ရှိတယ်လို့ သိရပါတယ်။