ရခိုင်မှာ Stay at Home ကာလ နှစ်ပတ်ထပ်တိုးကြောင်း အေအေအဖွဲ့ ကြေညာ
ရခိုင်ပြည်နယ်တစ်ဝန်းမှာ ဒီနေ့ သြဂုတ်လ ၅ ရက်နေ့ကစလို့ လာမယ့် သြဂုတ်လ ၁၈ ရက်နေ့အထိ နေအိမ်မှာနေထိုင်ရေး Stay at Home ကာလအဖြစ် အချိန် နှစ်ပတ် ထပ်တိုးသတ်မှတ်လိုက်ကြောင်း ရက္ခိုင့်တပ်တော် (AA) ရဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်တဲ့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA/AA) က ကြေညာပါတယ်။
- 2021-08-04
-
-
-
ရခိုင်ပြည်နယ်တစ်ဝန်းမှာ ဒီနေ့ သြဂုတ်လ ၅ ရက်နေ့ကစလို့ လာမယ့် သြဂုတ်လ ၁၈ ရက်နေ့အထိ နေအိမ်မှာနေထိုင်ရေး Stay at Home ကာလအဖြစ် အချိန်နှစ်ပတ် ထပ်တိုး သတ်မှတ်လိုက်ကြောင်း ရက္ခိုင့်တပ်တော် (AA) ရဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ကြေညာပါတယ်။
နေအိမ်မှာနေထိုင်ရေး Stay at Home ကာလကို ဇူလိုင်လ ၂၀ ရက်နေ့ကနေ သြဂုတ်လ ၄ ရက်နေ့အထိ ကြေညာခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးမှုတွေ ဆက်ရှိနေသေးတာကြောင့် လိုအပ်ချက်အရ နောက်ထပ် အချိန်နှစ်ပတ် ထပ်တိုး သတ်မှတ်လိုက်တာလို့ အဲဒီကြေညာချက်မှာ ပါရှိပါတယ်။
ပထမအကြိမ် ကြေညာခဲ့တဲ့ နေအိမ်မှာနေထိုင်ရေး Stay at Home ကာလသတ်မှတ်ချက်ကြောင့် ကပ်ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့ပြီး လိုက်နာဖို့ ပျက်ကွက်ခဲ့သူတွေအနေနဲ့လည်း အားလုံး စည်းစည်းလုံးလုံးနဲ့ နောက်ထပ် အချိန်နှစ်ပတ်ကာလကို ရင်ဆိုင်ကျော်ဖြတ်ကြဖို့ကိုလည်း ပြောဆိုထားပါတယ်။
စားဝတ်နေရေးနဲ့ ဈေးရောင်း၊ ဈေးဝယ်ကိစ္စ၊ နာရေးကိစ္စနဲ့ မဖြစ်မနေ သွားလာရမယ့်ကိစ္စတွေမှာ ကိုဗစ် ကာကွယ်ရေးလမ်းတွေနဲ့အညီ သွားလာကြဖို့နဲ့ ကိုဗစ်ကာကွယ်ဆေးကို အခွင့်အရေးရရင် မဖြစ်မနေ ထိုးထားကြဖို့ကိုလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က တိုက်တွန်းထားပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုဗစ်ကပ်ရောဂါကို ထိန်းချုပ်ရေးအတွက် ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာကြဖို့ စစ်ကောင်စီအစိုးရဘက်က နေ့စဉ်ဆော်သြတာတွေ လုပ်ဆောင်သလို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ကလည်း နှာခေါင်းစည်းမတပ်သူတွေနဲ့ လောင်းကစားဝိုင်း ပြုလုပ်သူတွေကို ဒဏ်ပေးလုပ်ဆောင်နေတာ တွေ့ရပါတယ်။
ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒီနေ့ သြဂုတ်လ ၅ ရက် မနက် ၈ နာရီခွဲ ထုတ်ပြန်ချက်အရ ပြည်နယ်တစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၄၂ ဦးအထိ တိုးလာနေသလို ပိုးကူးစက်သူ အရေအတွက်ကလည်း ၃၀၆၈ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။
အဲဒီပိုးကူးစက်သူတွေထဲက လူပေါင်း ၇၃၄ ဦးဟာ ဆေးရုံတွေမှာ တက်ရောက်ကုသနေရဆဲဖြစ်ပါတယ်။