အာဏာသိမ်းမှုကို အမြန်ဆုံးစွန့်လွှတ်ဖို့ စစ်ကောင်စီကို ရခိုင်အရပ်ဘက်အဖွဲ့တွေ တောင်းဆို

စစ်ကောင်စီအနေနဲ့ လက်နက်မဲ့ပြည်သူတွေအပေါ် အင်အားအလွန်အကျွံသုံး နှိမ်နင်းဖြိုခွင်းတဲ့လုပ်ရပ်တွေကို အဆုံးသတ်ပေးဖို့၊ ဖမ်းဆီးထိန်းသိမ်းထားသူ အားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ ပြည်သူတွေလိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ပိုင်ခွင့်ကို အခြေခံတဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို အသိအမှတ်ပြုလက်ခံပြီး အာဏာသိမ်းမှုကို အမြန်ဆုံးစွန့်လွှတ်ဖို့ စတဲ့အချက်တွေကို ရခိုင်အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက မနေ့က သဘောထားထုတ်ပြန် တောင်းဆိုလိုက်တာပါ။

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ၂၀၂၁ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စစ်အာဏာဆန့်ကျင်ဆန္ဒပြနေစဉ် Photo CJ

စစ်ကောင်စီအနေနဲ့ လက်နက်မဲ့ပြည်သူတွေအပေါ် အင်အားအလွန်အကျွံသုံး နှိမ်နင်းဖြိုခွင်းတဲ့ လုပ်ရပ်တွေကို အဆုံးသတ်ပေးဖို့၊ ဖမ်းဆီးထိန်းသိမ်းထားသူ အားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ ပြည်သူတွေလိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ပိုင်ခွင့်ကိုအခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အသိအမှတ်ပြုလက်ခံပြီး အာဏာ သိမ်းမှုကို အမြန်ဆုံးစွန့်လွှတ်ဖို့ စတဲ့အချက်တွေကို ရခိုင်အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက မနေ့က သဘော ထားထုတ်ပြန် တောင်းဆိုလိုက်တာပါ။

စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ အစရှိတဲ့ ရခိုင်ပြည်နယ်အနှံ့က အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ လူမှုရေးအသင်းအဖွဲ့အစည်းပေါင်း ၇၇ ဖွဲ့က တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဆန္ဒပြတဲ့ လူငယ်တွေ ပစ်ခတ်ခံရလို့ သေဆုံးတာ၊ ဖမ်းဆီးနှိပ်စက်ခံရတာတွေကို အာဏာပိုင်တွေဘက်က အမြန်ဆုံးရပ်တန့်ဖို့လိုတယ်လို့ သဘောထားကြေညာချက် ထုတ်ပြန်တဲ့အထဲပါဝင်တဲ့ ရခိုင်အမျိုးသမီးများ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကပြောပါတယ်။

“အခုဖြစ်ပွားနေတဲ့ အခင်းအကျင်းတွေထဲမှာ လူငယ်အတော်များများ အသက်ပေးနေရတယ်။ ဖမ်းဆီးခံ ရတယ်။ ရိုက်နှက်ညှဉ်းပမ်းခံနေရတာတွေကို ကျွန်မတို့ တွေ့ရတယ်။ ဒါတွေကို အမြန်ဆုံးရပ်တန့်စေ ချင်တယ်ပေါ့နော်။ အာဏာပိုင်တွေ အနေနဲ့ကလည်း ကျွန်မတို့ နိုင်ငံတွင်းမှာရှိတဲ့ ဘယ်တိုင်းနဲ့ ပြည်နယ် ဒေသကမဆို ပြောတဲ့စကားလေးတွေကိုတော့ ကျွန်မတို့ တကယ်သာ ဒီမိုကရေစီအစစ်ဖြစ်မယ်ဆိုလို့ရှိရင် သေသေချာချာကို အလေးအနက်ထားပြီးတော့ စဉ်းစားပေးစေချင်တယ်လို့ ကျွန်မ ပြောချင်တယ်”

ဖမ်းဆီးခံနေရသူတွေ၊ ထိခိုက်သေဆုံးခဲ့ကြရသူတွေအတွက် ထပ်တူစိတ်ထိခိုက်ဝမ်းနည်းရသလို ကိုယ်စိတ် နှစ်ပါး လုံခြုံမှုမရှိဘဲ စိုးရိမ်ကြောင့်ကြစိတ်နဲ့ အသက်ရှင်ကြရတဲ့အဖြစ်ကိုလည်း ရခိုင်ဒေသမှာ ကိုယ်တိုင် ကြုံတွေ့ ခံစားခဲ့ဖူးပြီဖြစ်လို့ ကိုယ်ချင်းစာပြီး စိတ်မကောင်းဖြစ်ရကြောင်းလည်း သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သဘောထားထုတ်ပြန်တဲ့အထဲပါဝင်တဲ့ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်က ကိုသန်းလှကတော့ ဆန္ဒပြ ပြည်သူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းနေတဲ့ စစ်အာဏာရှင်တွေရဲ့လုပ်ရပ်ကို လက်မခံနိုင်ဘူးလို့ ပြောပါတယ်။

“မီဒီယာအားနည်းတဲ့ သတင်းအချက်အလက်တွေ မထုတ်ပြန်နိုင်တဲ့ တိုင်းရင်းသားဒေသတွေမှာ ဒီထက် ပိုဆိုးဝါးတဲ့ ကြုံတွေ့မှုတွေခံခဲ့ရပြီးပြီဆိုတာကိုလည်း သိဖို့လိုတယ်။ အခုဆို တကယ့်ကို မီဒီယာတွေ အားကောင်းတဲ့ နေရာမှာတောင်မှ အခုလို အကြမ်းဖက်ပြီး လူမဆန်စွာပေါ့လေ လက်မခံနိုင်တဲ့ ပုံစံမျိုးတွေ နဲ့လုပ်နေတာတွေကို ကျွန်တော်တို့ တွေ့ရတဲ့အခါမှာ အရမ်းကို စိုးရိမ်ပူပန်မှုတွေ ရှိကြတယ်ပေါ့။ ဒီဟာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ရခိုင်မှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက မြန်မာပြည် အလယ်ပိုင်းမှာ ဖြစ်နေကြတဲ့ ဖြစ်စဉ်တွေကို ကျွန်တော်တို့အနေနဲ့ အရမ်းကို စိတ်မကောင်းဖြစ်တယ်။ ပြီးတော့ အကြမ်း ဖက်ဖြိုခွင်းနေတဲ့ စစ်အာဏာရှင်တွေကိုလည်း ကန့်ကွက်ရှုတ်ချပါတယ်”

ရခိုင်အရပ်ဘက်အဖွဲ့တွေက နွေဦးတော်လှန်ရေး ဆောင်ရွက်နေကြတဲ့ ပြည်သူတွေနဲ့အတူ တသဘောတည်း ရပ်တည်ကြောင်းလည်း ကိုသန်းလှက ပြောပါတယ်။

ရခိုင်ကျောင်းသားသမဂ္ဂ (၁၁) ဖွဲ့ကလည်း နွေဦးတော်လှန်းရေးမှာ ပါဝင်နေတဲ့ ကျောင်းသား ပြည်သူတွေနဲ့ အတူ တသားတည်းရပ်တည်ကူညီမယ်လို့ မနေ့က သဘောထားထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် ချင်းတက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများအဖွဲ့(CUSR) ရဲ့ ဥက္ကဋ္ဌ မိုင်ခိုင်ဇင်မေသန်း ကလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို လက်မခံနိုင်ဘူးလို့ ပြောပါတယ်။

“ကျွန်မတို့ CUSR အနေနဲ့ဆိုလို့ရှိရင်တော့ အခုဖြစ်နေတဲ့ အာဏာသိမ်းမှုပေါ့နော်၊ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆီက အာဏာကိုလုပြီးတော့မှ ပြည်သူလူထုတွေကိုပေါ့နော် ရုပ်ပိုင်းဆိုင်ရာတွေကို အကြမ်းဖက်နေတဲ့အရာကိုကျလို့ရှိရင်တော့ ကျွန်မတို့ ပြည်သူလူထု အကုန်လုံး နီးပါးက လက်ခံနိုင်စရာအကြောင်း မရှိဘူးပေါ့”

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီရဲ့ ပြောခွင့်ရသူ ဦးလှမြင့်က ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွှတ် ပေးဖို့လိုတယ်လို့ ပြောပါတယ်။

“ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုသွားမှသာ တိုင်းပြည်ငြိမ်းချမ်းရေးကို ရလိမ့်မယ်။ အဲဒီစနစ်ကိုသွားဖို့ အတွက် အခြေခံဖြစ်တဲ့ အာဏာသိမ်းတဲ့ကိစ္စမှာ ဖမ်းဆီးထားတဲ့သူ အကုန်လုံးလွှတ်ရမယ်။ ပြီးရင် ဒီဟာကို မြန်မာတစ်နိုင်ငံလုံးအတွက် အကျိုးရှိနိုင်တဲ့နည်းစနစ်ဖြစ်တဲ့ နှစ်ဖက်ညှိနှိုင်းတိုင်ပင် ဆွေးနွေးတဲ့စနစ်နဲ့ သွားမှသာလျှင် ပိုပြီးအဆင်ပြေမယ်လို့ ယုံကြည်တယ်။ အဲဒီမူ အဲဒါကြောင့်လည်း ဒီ CSO တွေထုတ်တဲ့ အချက်သုံးချက်စလုံးဟာ ကျွန်တော်တို့ပါတီရဲ့ ရပ်တည်ချက်နဲ့ တူနေပါတယ်။ အခုအနေအထားအတိုင်း သာ ဆက်သွားနေကြမယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့လူတွေ ဘယ်သူမှ အကျိုးစီးပွား မဖြစ်ထွန်းနိုင်ပါဘူး။ အဲဒါကြောင့် အလုံးစုံပျက်သုဉ်းရေးဘက်ကိုသာ ရောက်သွားနိုင်တယ်လို့ ကျွန်တော်တို့မြင်တယ်”

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကိုနောက်ထပ်မကြုံရအောင် စစ်တပ်က ဝင်ရောက်စွက်ဖက်လို့မရတဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်တစ်ခုပေါ်ထွက်လာဖို့ ကြိုးပမ်းဖို့လိုနေပြီလို့ ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေး ကော်မတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ကြီးက ပြောပါတယ်။

“ဒီလိုမျိုးပြဿနာတွေ ဖြစ်နေရတယ်ဆိုတဲ့ဥစ္စာက နိုင်ငံရေးစနစ် မမှန်ကန်လို့ဖြစ်ခဲ့တာပေါ့နော်။ ဒီဟာကိုအကြောင်းပြုပြီးတော့ ဖြစ်ခဲ့တယ်။ အခုလည်း ပြဿနာကို အကောင်းဆုံးဖြေရှင်းမယ်ဆိုလို့ရှိရင် နိုင်ငံရေးမှာ စစ်တပ်ကဝင်ပြီး မစွက်ဖက်တဲ့ ဖက်ဒရယ်စနစ်တစ်ခုကို အခြေခံပြီး ဖြေရှင်းသွားလို့ရှိရင် တိုင်းပြည်အတွက် အကောင်းဆုံးအနေအထားတစ်ခုကို ရလိမ့်မယ်လို့ ပြောချင်ပါတယ်”

ရခိုင်အရပ်ဘက်အဖွဲ့တွေရဲ့ ထုတ်ပြန်တောင်းဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်း ဖို့ကြိုးစားပေမယ့် မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ရခိုင်ပြည်နယ်တောင်ဘက်ပိုင်းက မြို့နယ်အချို့မှာ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပေမယ့် စစ်ရေးပဋိပက္ခတွေပြင်းထန်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘက်မှာတော့ ဒီနေ့ထိ ဆန္ဒပြပွဲတွေမရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org