နိုင်ငံသားမဟုတ်သူ မဲပေးခွင့် ရခိုင်အဖွဲ့အစည်း ၂၀ ကျော် ကန့်ကွက်
၂၀၀၈ ခုနှစ် ဖဲ့ွစည်းပုံပြင်ဆင်ရေး အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရာမှာ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို ဆန္ဒမဲပေးခွင့်ပြုလိုက်တာကို ရခိုင်လူမှုအဖွဲ့အစည်း ၂၀ ကျော်က ဒီနေ့ ကန့်ကွက် လိုက်ပါတယ်။
-
2015-02-10 -
-
-
၂၀၀၈ ခုနှစ် ဖဲ့ွစည်းပုံပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရာမှာ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို ဆန္ဒမဲပေးခွင့်ပြုလိုက်တာကို ရခိုင်လူမှုအဖွဲ့အစည်း ၂၀ ကျော်က ဒီနေ့ ကန့်ကွက် လိုက်ပါတယ်။
ရန်ကုန်မြို့ ရခိုင်ဓမ္မာရုံမှာ ရခိုင်လူမှုအဖွဲ့အစည်း ၂၀ ကျော်က သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ကန့်ကွက်တာ ဖြစ်ပါတယ်။
ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်ပြုလိုက်တာကို ပြည်ထောင်စုလွှတ်တော်နဲ့ အစိုးရက ပယ်ဖျက်ပေးဖို့အတွက် တောင်းဆိုမှုတွေပြုလုပ်သွားမယ်လို့ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဌ ကိုတင်ထူးအောင်က ပြောပါတယ်။
"ဝှိုက်ကဒ် သတ်မှတ်လိုက်တဲ့ကိစ္စအပေါ်မှာကတော့ ကျနော်တို့နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို စိန်ခေါ်လာနိုင်တဲ့အချက်တွေဖြစ်တယ်၊ နောက်ပြီးတော့ ဒါဟာဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြဿနာလည်းမဟုတ်ဘူး၊ ပြင်ဆင်ချက်တွေ အများကြီးထုတ်ပြီးတော့ ဥပဒေအရလည်း ကျနော်တို့ လုပ်ကိုင်ဆောင်ရွက်လို့ရတဲ့အချက်တွေလို့ ကျနော်တို့မြင်တယ်၊ လွှတ်တော်အပိုင်းကလည်း အခြေခံဥပဒေဆိုင်ရာခုံရုံးကို တစ်ဖက်ကတင်သွင်းမှာဖြစ်သလို၊ ကျနော်တို့အနေနဲ့ တစ်ဖက်မှာလုပ်သင့်တဲ့ လှုပ်ရှားမှုပုံစံတွေ လက်ရှိအစိုးရအနေနဲ့ ပြင်ဆင်နိုင်အောင်အထိပေါ့ လှုပ်ရှားဆောင်ရွက်သွားမယ်"
ရခိုင်လူမှုအဖဲ့ွအစည်းတွေဖြစ်တဲ့ ရခိုင်သဟာယအသင်း၊ ရခိုင်လူငယ်အဖဲ့ွ၊ ရခိုင်အမျိုးသားကွန်ရက်၊ Myanmar National Network စတဲ့ ရခိုင်လူမှုအဖွဲ့ ၂၀ ပူးပေါင်းပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာပါ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းကို အတည်ပြုဖို့အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမှာဖြစ်ပါတယ်။ အဲဒီဆန္ဒခံယူပွဲကျင်းပဖို့အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို ဒီလ ၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။