ရခိုင်မြောက်ပိုင်းကို ၂၀၁၈ အတွင်း လျှပ်စစ်မီးရအောင် ဆောင်ရွက်နေ

ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေကို လာမယ့် ၂၀၁၈ ခုနှစ်အတွင်း လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနက ပြောပါတယ်။

နေပြည်တော်က လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ဓာတ်အားပို့လွှတ်ရေးနဲ့ ကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲတိုးသွင် ကို တွေ့ရစဉ် Photo: Win Ko Ko Latt/RFA

ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေကို လာမယ့် ၂၀၁၈ ခုနှစ်အတွင်း လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။

နေပြည်တော်က လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရုံးမှာ သတင်းထောက်တွေနဲ့ လစဉ်ပုံမှန်တွေ့ဆုံတဲ့ အခမ်းအနားမှာ ဓာတ်အားပို့လွှတ်ရေးနဲ့ ကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲတိုးသွင်က ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်ဖို့ ဆောင်ရွက်နေတဲ့ အကြောင်းကို အခုလိုပြောတာ ဖြစ်ပါတယ်။

"ရသေ့တောင်ကို ၂ဝ၁၈ မတ်မှာ ဓါတ်အားပို့နိုင်မယ်ဆိုပြီးတော့ စီမံချက်ချဆောင်ရွက်ထားပါတယ်၊ ဘူးသီးတောင်ကိုတော့ ၂ဝ၁၈ ဇွန်လ၊ ၂ဝ၁၈ အကုန်မှာတော့ မောင်တောပေါ့၊ အဲဒီသုံးခုကို ပြီးစီးအောင် စီမံချက်ချပြီး လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်"

ရသေ့တောင်မြို့နယ်က ကျေးရွာ ၁၈ ရွာ၊ ဘူးသီးတောင်မြို့နယ်က ကျေးရွာ ၁၁ ရွာ၊ မောင်တောမြို့နယ်က ကျေးရွာ ၁၅ ရွာအပြင် ပုဏ္ဏားကျွန်းစက်မှုဇုန်ကိုပါ လျှပ်စစ်ဖြန့်ဖြူးပေးမှာဖြစ်ပြီး ကျပ် ၃၀ ဘီလီယံခန့် ကုန်ကျမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အိမ်ထောင်စု ၁၀ ဒသမ ၈ သန်းကျော်အနက် ၃၈ ဒသမ ၅ ရာခိုင်နှုန်းဖြစ်တဲ့ အိမ်ထောင်စု ၄ ဒသမ ၁၉ သန်းကို လျှပ်စစ်မီးပေးနိုင်တာဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး လျှပ်စစ်မီးရနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org