ရခိုင်ပြည်နယ်မှာ ရေဘေးဒုက္ခသည် တစ်သိန်းကျော်ပြီ

ရခိုင်ပြည်နယ်အတွင်းက ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ ရေကြီးရေလျံမှုတွေ ဖြစ်နေတာ တစ်ပတ်အထိ ကြာမြင့်နေပြီဖြစ်ပေမယ့် အစိုးရနဲ့ အရပ်ဖက်အဖက်အဖွဲ့အစည်းတွေက အကူအညီအထောက်ပံ့တွေ ရောက်မလာကြဘူးလို့ ဒေသခံ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့မှာ ရေကြီးနေတာကို ၂ဝ၁၉ ဇူလိုင်လ ၁၄ ရက်နေ့က တွေ့ရစဉ် Photo: Saw Moekyaw - fb

ရခိုင်ပြည်နယ်အတွင်းက ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ ရေကြီးရေလျံမှုတွေ ဖြစ်နေတာ တစ်ပတ်အထိ ကြာမြင့်နေပြီဖြစ်ပေမယ့် အစိုးရနဲ့ အရပ်ဖက်အဖက်အဖွဲ့အစည်းတွေက အကူအညီအထောက်ပံ့တွေ ရောက်မလာကြဘူးလို့ ဒေသခံ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

အရင်နှစ်တွေက ရခိုင်ပြည်နယ်မှာ ရေကြီးတဲ့အခါ ရေကြီးပြီး တစ်ရက် နှစ်ရက်နေရင် အကူအညီတွေ ရောက်လာလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ရခိုင်ပြည်နယ်အတွင်း အင်တာနက် ဖြတ်တောက်ခံထားရတဲ့အတွက် အရပ်ဖက်အဖွဲ့တွေထံ အကူအညီတောင်းခံရာမှာ အခက်အခဲတွေ ဖြစ်နေတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

မင်းပြားမြို့နယ်မှာ ရေဘေးသင့်ပြည်သူ ရှစ်သောင်းခန့်ရှိနေတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပြီး ဆက်သွယ်ရေး အခက်အခဲကြောင့် သူတို့အကူအညီ မရဖြစ်နေတဲ့ အခြေအနေတွေကို RFA ကို အခုလို ပြောပြလာပါတယ်။

“ပြီးခဲ့တဲ့နှစ်မှာတော့ ရေတက်လာတာနဲ့အမျှ ကယ်ဆယ်ရေးပေးမယ့် စေတနာရှင်တွေက အချိန်နဲ့တပြေးညီကို ဒီနေ့ ရေကြီးရင် မနက်ဖြန်လောက်ကို ရောက်လာကြပြီ။ ဒီနေ့မှာ လိုင်းပေါ်လည်း တင်လို့မရတဲ့အတွက် ကျနော်တို့ ဖုန်းနဲ့ပြောနေတာ အကြိမ်ပေါင်းများစွာ ဖြစ်နေပြီ။ ဟိုအဖွဲ့ကို ဖုန်းဆက်တောင်းလိုက် ဒီအဖွဲ့ကို ဖုန်းဆက်တောင်းလိုက်နဲ့ ဖုန်းဆက်တုန်းမှာ အဆင်ပြေတယ်။ နောက်ပိုင်းမှာ သူတို့ အဖွဲ့အစည်းနဲ့ စကားပြောတဲ့အခါ မှတ်တမ်းတွေဘာတွေလိုတယ်။ ကျနော်တို့က မှတ်တမ်းတွေပေးဖို့က ခက်တယ်။ အင်တာနက်လိုင်းဖြတ်လိုက်တဲ့အတွက် ရေကြီးတာ ၃၊ ၄ ရက်ရှိနေပြီ။ ဒီနေ့အထိ ကျနော်တို့က ဘာမှအကူအညီတစ်စုံတစ်ရာမရတာ အင်တာနက်မရတဲ့ အကျိုးကျေးဇူးကြောင့်လို့ ကျနော်တို့ သုံးသပ်လု့ိရပါတယ်”

ဒေသခံ လွှတ်တော် ကိုယ်စားလှယ်တွေ ကောက်ခံထားတဲ့ စာရင်းတွေအရ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ ရေဘေးသင့်ပြည်သူ တစ်သိန်းကျော်ရှိပြီး ဒီထဲက ၇၅ ရာခိုင်နှုန်းလောက်ဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

ကျောက်တော်မြို့နယ်မှာ ရေဘေးသင့်သူ တစ်သောင်းခွဲ၊ မြောက်ဦးမြို့နယ်မှာ တစ်သောင်းနဲ့ မင်းပြား မြို့နယ်မှာ ရှစ်သောင်းခန့်ရှိတယ်လို့ ဒေသခံ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနက ဒီနေ့ နေ့လယ်ပိုင်းအထိ ရရှိထားတဲ့ စာရင်းတွေအရတော့ ရေဘေးကြောင့် ပြောင်းရွှေ့နေထိုင်ရသူ ဦးရေဟာ ဒီ သုံးမြို့နယ်မှာ ၂၆၁၁ ဦးသာရှိတယ်လို့ ဆိုပါတယ်။

ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဘုရားကုန်းမြင့်တွေကို ရွှေ့ပြောင်းနေရတဲ့ ရေဘေးသင့်ပြည်သူ ၂၆၀၀ ကျော်အတွက် နှစ်ပတ်စာ စားနပ်ရိက္ခာတွေကို အစိုးရက ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

ဒီကိန်းဂဏန်းတွေအရ အစိုးရရဲ့စာရင်းနဲ့ ဒေသခံ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ စာရင်းတွေဟာ ကွာဟချက်တွေ များနေပါတယ်။ ဒီကွာဟချက်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်၊ သဘာဝဘေးစီမံခန့်ခွဲရေးဦးစီးဌာနက ဦးစီးအရာရှိ ဦးရဲမင်းဦးက အခုလို မှတ်ချက်ပြုပါတယ်။

“မြေပြင်အနေအထားနဲ့ ကျနော်တို့ ရရှိတဲ့အနေအထားနဲ့ ကွာဟနေတာ။ အဲဒီဟာတော့ စိတ်မကောင်းဘူးလို့ မှတ်ချက်ပြုရမှာပေါ့။ ဘာလို့လည်းဆိုတော့ ကျနော်တို့ကတော့ တကယ်ဒုက္ခရောက်နေတဲ့ ပြည်သူ့ဒုက္ခကို အစိုးရဒုက္ခလို့ပဲ မှတ်ယူပြီးတော့ ပြည့်စုံအောင် မထောက်ပံ့နိုင်ရင်တောင် တစိတ်တပိုင်းထောက်ပံ့နိုင်ရင် မဆိုးဘူးလေ။ အခုဟာ ပြည့်ပြည့်စုံစုံ အချက်အလက်မရဘူးဆိုတော့ ထောက်ပံ့ဖို့တောင် အခက်အခဲရှိတယ်။ နည်းပညာနဲ့ လုပ်ရတဲ့ ခေတ်ကြီးမှာ နည်းပညာတွေပိတ်ထားရင် အချက်အလက်တွေ မြန်မြန်ဆန်ဆန်မရဘူးဆိုတာ ဒါမှန်တာပေါ့”

ရေကြီးနေတဲ့ မြို့နယ်တွေရဲ့ လမ်းမတွေထက်မှာ ရေဟာ တစ်ပေကနေ သုံးပေကြားရှိနေပြီး တချို့မြေနိမ့် ပိုင်းတွေမှာ နေအိမ်ခေါင်မိုးတွေအထိ ရေမြုပ်တာတွေရှိနေသလို စက်လှေတွေနဲ့ သွားလာနေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ရေကြီးနစ်မြုပ်မှုကြောင့် မင်းပြားမြို့နယ်မှာဆိုရင် ရွှေကျင်၊ ပြင်ယောင်း၊ ရွှေတောင်၊ ဂွဆုံ အစရှိတဲ့ ကျေးရွာ ၅၀ ကျော်နဲ့ ကျောက်တော်မြို့နယ်မှာဆိုရင် ကျောက်တော်တောင်ဘက်ပိုင်းက ရွာပေါင်း ၂၀ ကျော်ဟာ အရေးပေါ်စားနပ်ရိက္ခာတွေ အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

မြောက်ဦးမြို့နယ်မှာဆိုရင်လည်း တိမ်ညိုစစ်ဘေးရှောင်စခန်း ရေကြီးနစ်မြုပ်သွားတဲ့အတွက် တိမ်ညို ဘုန်းကြီးကျောင်းကို စစ်ဘေးဒုက္ခသည် ၁၈၀၀ ကျော် ရွှေ့ပြောင်းနေထိုင်နေကြရပါတယ်။

မြောက်ဦးမြို့နယ်မှာ လေးမြို့မြစ်ရေကြီးတဲ့အပြင် ဂါရာဆည် ကျိုးပေါက်မှုပါ တပြိုင်နက်တည်း ဖြစ်နေတာလို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

“အခြေအနေက တော်တော်လေးဆိုးရွားနေပါတယ်။ လေးမြို့မြစ်ရေ မြစ်တက်နေတဲ့အတွက် မြောက်ဦးမြို့နယ် အပါအဝင် မင်းပြားမြို့နယ် အကုန်လုံးရေလွှမ်းနေပါတယ်။ အခုဟာက မြောက်ဦးမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ ဂါရာဆည် အဲ့ဒီအနီးတဝိုက်မှာရှိတဲ့ ကျောက်ကျတို့ စေတီတောင်တို့ ကျောက်ဆည်ပြင်တို့ ရန်အောင်ပြင်တို့ ကျည်ရာပြင်တို့ အဲဒီရွာတွေ နစ်မြုပ်နေပါတယ်။ စားရေးသောက်ရေးတွေ အခက်အခဲဖြစ်နေတယ်။ အခုထက်ထိလည်း အစိုးရရော ဘယ်အဖွဲ့အစည်းကမှ အကူအညီတွေ မရောက်သေးဘူး”

ရေဘေးသင့်ပြည်သူတွေကို အကူအညီတွေပေးနိုင်ဖို့ မှန်ကန်တဲ့စာရင်းတွေ ရဖို့လိုအပ်တဲ့အတွက်  မြေပြင်မှာဆောင်ရွက်နေကြတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ ပူးပေါင်းပါဝင် ကူညီပေးကြဖို့လည်း ရခိုင်ပြည်နယ်၊ သဘာဝဘေးစီမံခန့်ခွဲရေး ဦးစီးဌာနက ဦးစီးအရာရှိ ဦးရဲမင်းဦးက RFA ကတဆင့် တိုက်တွန်းပြောကြားထားပါတယ်။

ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန်ကတော့ အစိုးရထံ အကူအညီပေးဖို့ တောင်းခံထားအကြောင်း အခုလို ပြောပါတယ်။

“အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အကြောင်းကြားထားတယ်။ လိုအပ်တဲ့ဟာကို အစိုးရကို ဆက်သွယ်ပြီး အကြောင်းကြားဖို့ အချိန်နဲ့တပြေးညီ ကူညီဆောင်ရွက်နိုင်အောင်။ ကျေးရွာတော်တော်များများ ကျနော်တို့ဆီ ဆက်သွယ်ပြီး အကူညီတောင်းတယ်။ ကိုယ်စားလှယ် တစ်ယောက်ချင်း ကူညီဖို့မနိုင်နင်းတဲ့အတွက် ကျနော်တို့က ထိထိရောက်ရောက် အကူအညီပေးနိုင်မယ့် အနေအထားကို မဆောင်ရွက်နိုင်ဘူး။ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ကိစ္စတွေကို ကျန်းမာရေးဌာနတွေကို အကြောင်းကြားတယ်။ အပြင်းဖျားတာတွေရှိတယ်။ သွားရလာရ အဆင်မပြေဘူး။ ရွာမှာရှိတဲ့ သူနာပြုဆရာမတွေလည်း မရောက်ကြဘူးဆိုတော့ ကျန်းမာရေး အခက်အခဲတွေရှိတယ်။ သက်ဆိုင်ရာဌာနတွေ ကာကွယ်ပေးဖို့ ကျနော်တို့ တိုက်တွန်းထားပါတယ်”

ဒါကတော့ ရခိုင်ပြည်နယ်မှာ ရေကြီးရေလျံမှုတွေဖြစ်နေတဲ့အတွက် ဒေသခံတွေ စားဝတ်နေထိုင်ရေး အခက်အခဲဖြစ်နေပြီး တဖက်မှာလည်း အင်တာနက်သုံးစွဲမှု ဖြတ်တောက်ခံထားရတဲ့အတွက် လူမှုကွန်ယက်ကနေတဆင့် သတင်းတွေမတင်နိုင်ဘဲ အကူအညီမရ ဖြစ်နေတဲ့အကြောင်းတွေကို ကြားခဲ့ရတာ ဖြစ်ပါတယ်။

(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org