ရခိုင်စစ်ပြေးဒုက္ခသည် လေးသောင်းကျော် မိုးရာသီမှာ အခက်အခဲဖြစ်နိုင်

ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေရတဲ့ အိမ်ထောင်စုပေါင်း ၇၀၀၀ ကျော်က လူဦးရေ ၄၆၀၀၀ ကျော်တို့ဟာ လက်ရှိသူတို့နေရတဲ့ လူနေ အဆောက်အအုံတွေ ပျက်စီးနေတာကြောင့် လာမယ့်မိုးရာသီမှာ အခက်အခဲဖြစ်တော့မယ်လို့ သိရပါတယ်။ ကုလ သမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ကူညီဖို့ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးဒုက္ခသည်စခန်းက စစ်ဘေးဒုက္ခသည်အဆောင်များကို ၂၀၂၁ မေလဆန်းပိုင်းက တွေ့ရစဉ် Photo: CJ
ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ပြေးဒုက္ခသည်စခန်း ၁၄၁ ခုက စခန်း ၇၀ ရာနှုန်းလောက် ပျက်စီးနေပြီး အဲဒီအထဲက ၃၀ ရာခိုင်နှုန်းဟာ နေလို့မရတဲ့ အခြေအနေဖြစ်နေတာကြောင့် လာမယ့်မိုးတွင်းဆိုရင် အခက်အခဲ ကြုံရတော့မယ်လို့ ဒုက္ခသည်တွေက ပြောကြပါတယ်။
 
မြန်မာစစ်တပ်နဲ့ AA ရက္ခိုင့်တပ်တော်တို့ အကြီးအကျယ် စစ်ဖြစ်ခဲ့တဲ့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံနဲ့ စတဲ့မြို့နယ်တွေက စစ်ပြေးဒုက္ခသည်စခန်းတွေမှာ အခုလို ဖြစ်နေတာပါ။ ဒါနဲ့ပတ်သက်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက RFA ကို အခုလိုပြောပါတယ်။
 
“ကျွန်တော်တို့ စာရင်းကောက်ယူလိုက်တဲ့ အခါမှာ စခန်း ၇၀ရာခိုင်နှုန်းက ပျက်စီးနေတာပေါ့နော်။ အထူးသဖြင့် အမိုးတွေအကာတွေ ပျက်စီးနေတယ်ပေါ့။ ဒီအထဲမှာ ၃၀ရာခိုင်နှုန်းလောက်က လုံးဝ ပြိုလဲသွားမယ့် အခြေအနေမှာ ရှိတယ်။ အရေအတွက်နဲ့ ပြောမယ်ဆိုလို့ရှိရင်တော့ ဒုက္ခသည်စခန်း ၄၀ လောက်မှာရှိတဲ့ တဲတွေက တော်တော်ကို ပျက်စီးနေကြပြီ။”
 
ရသေ့တောင်မြို့နယ် စေတီပြင်စစ်ဘေးဒုက္ခသည်စခန်းမှာ ကူညီဆောင်ရွက်ပေးနေတဲ့ ဦးမောင်စောဝင်းက သူတို့စခန်းက အခြေအနေကို အခုလို RFA ကိုပြောပါတယ်။
 
“ဆောက်လုပ်ခဲ့တာလည်း ယာယီသဘောနဲ့ ဆောက်လုပ်ခဲ့တာဆိုတော့ အခုနှစ်မှာ တော်တော်လေးကို ဆိုးဆိုးဝါးဝါး ပျက်စီးသွားမယ့် အခြေအနေရှိတယ်”
 
အဲဒီ စေတီပြင် စစ်ဘေးဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၄၀၀ ကျော်ရှိနေပြီး၊ လူဦးရေ အနေနဲ့ဆိုရင်တော့ နှစ်ထောင်ကျော်ရှိနေပါတယ်။
 
အလားတူ စစ်ဘေးဒုက္ခသည် သုံးထောင်ကျော် ခိုလှုံနေတဲ့ ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ဘေး ဒုက္ခသည်စခန်းမှာလည်း အဆောင်တွေ ပျက်စီးနေပြီး မိုးရွာလာရင် ဖြစ်သလိုနေကြရတယ်လို့ စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က RFA ကို ပြောပါတယ်။
 
“အမိုးတွေ၊ အကာတွေ မလုံတဲ့အခါကျတော့ ညအချိန်မိုးရွာပြီဆိုရင် လုံတဲ့နေရာမှာ မိသားစုတစ်စုလုံး မိုးရပ်တဲ့အချိန်အထိ ထိုင်နေရတဲ့ အခြေအနေတွေ ကျွန်တော်တို့ ဒုက္ခသည်စခန်းမှာ တော်တော်လည်း ကြုံခဲ့ပြီးပါပြီ။ အခုလည်းဒီအတိုင်းပဲ”
 
ဒုက္ခသည်စခန်းက အိမ်တွေကို အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက အလှူရှင်တွေ၊ UNHCRအဖွဲ့ အကူအညီနဲ့ လူနေအဆောင် ၈၀၀ ကျော်ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ဖေဖော်ဝါရီလကတည်းက ဝါး၊ ဓနိ၊ တာပေါ်လင်တွေနဲ့ ဆောက်လုပ်ခဲ့တာဖြစ်ပြီး အခုလက်ရှိမှာ တော်တော်များများ ပျက်စီးနေပြီလို့လည်း ကိုခိုင်မျိုးအောင်က ဆိုပါတယ်။
 
မင်းပြားမြို့နယ် အမ်းသား စစ်ဘေးဒုက္ခသည်စခန်းမှာလည်း အဆောင်တွေ ပျက်စီးနေပြီး လာမယ့် မိုးရာသီကို ရင်ဆိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ စခန်းတာဝန်ခံ ကိုအမ်းသားကြီးက ပြောပါတယ်။
 
“အဆောင်တွေက ဆောက်ကတည်းက ခိုင်ခိုင်မာမာ မရှိတဲ့အတွက် အဲဒီ အဆောင်တွေနဲ့ ဒီနှစ် မိုးရာသီကို ဖြတ်သန်းဖို့အတွက် ဘယ်လိုမှ အဆင်မပြေတဲ့ အခြေအနေမှာ ရှိတယ်ဗျ။ မိုးရွာရင် အဆောင်ထဲမှာ နေလို့မရတော့ဘူး။”
 
အမ်းသားဒုက္ခသည်စခန်းမှာတော့ မင်းပြားမြို့နယ်က ဖားပြိုကျေးရွာနဲ့ သလူချောင်းကျေးရွာက အိမ်ထောင်စု ၁၄၀ ကျော်၊ လူဦးရေအနေနဲ့ဆိုရင်တော့ ၇၀၀ကျော်ခိုလုံနေတာပါ။
 
စခန်းထဲကနေအိမ်တွေ ပြင်နိုင်ဖို့ စစ်ကောင်စီမှာ အဓိကတာဝန်ရှိပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေလည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ထောက်ပြပါတယ်။
 
အခုကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)ကို RFAက မေးမြန်း ရာမှာ ရခိုင်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ မိုးရာသီမှာ အိမ်ခေါင်မိုး မလုံတဲ့ ပြဿနာ၊ အသက်မွေး ဝမ်းကျောင်းဖို့ အခွင့်အလမ်းမရှိတာ၊ လုံခြုံမှုကင်းမဲ့နေတာ၊ သန့်ရှင်းမှုမရှိတာ၊ ဒုက္ခသည်တွေဟာ မရေရာတဲ့ အခြေအနေမှာ နေထိုင်နေရတာကို တွေ့ရတယ်လို့ စာနဲ့တဆင့် ဖြေဆိုပါတယ်။
 
အဲဒီအပြင် UNHCR အနေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဒုက္ခသည်တွေကို ကူညီဖို့ ဆောင်ရွက် နေသလို၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေ အကန့်အသတ်နဲ့သာ လုပ်ကိုင်ခွင့်ရှိတဲ့ နေရာတွေက စစ်ဘေး ဒုက္ခသည်တွေ အတွက်ကိုလည်း အထူးစိုးရိမ်တယ်လို့ RFA ကို ပြောပါတယ်။
 
အခုလို ရခိုင်က စစ်ဘေးဒုက္ခသည်စခန်းတွေနဲ့ ပတ်သက်လို့ အကူအညီပေးဖို့ ရှိ၊ မရှိ စစ်ကောင်စီ လက်အောက်ခံ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီကို RFA က မေးမြန်းတဲ့အခါမှာ ဒုက္ခသည်တွေ တင်ပြလာရင် ကူညီပေးဖို့ အစီအစဉ်ရှိတယ်လို့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။
 
“တိုက်ပွဲရှောင်တွေအတွက် မဖြစ်မနေ ပံ့ပိုးရမယ့် ကိစ္စတွေအတွက် ဘဏ္ဍငွေ အပြည့်အစုံရှိတယ်။ ဥပမာ လေတိုက်လို့ ခေါင်မိုးတွေလန်တယ်။ သူတို့မှာရန်ပုံငွေ ရှိရှိ၊  မရှိရှိ အဲဒီစခန်းက ပိုက်ဆံကို သုံးစရာ မလိုဘူး။ ကျွန်တော်တို့က ချက်ချင်း လုပ်ပေးနိုင်တယ်။ အဲဒီလိုပဲ အကာမလုံဘူးဆိုလို့ရှိရင်လည်း တင်ပြ လာရင် တကယ်မလုံဘူးဆိုရင် တကယ်လုပ်ပေးနိုင်တဲ့ ရန်ပုံငွေရှိတယ်။ ကျွန်တော်တို့မှာ တွန့်တို‌နေစရာ မလုပ်ပေးနိုင်စရာ မရှိဘူး”
 
စခန်းတာဝန်ခံတွေကတော့ မနှစ်က မိုးရာသီမှာလည်း အဆောင်တွေ ပျက်စီးနေတာနဲ့ ပတ်သက်လို့ အစိုးရကို အညီပေးဖို့ တောင်းဆိုခဲ့ပေမယ့် မရခဲ့သလို အခုလည်း ရဖို့အခြေအနေ မရှိတာကြောင့် အစိုးရကို မတင်ပြ တော့တာလို့ ပြောပါတယ်။
 
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းလေးသောင်းကျော် ရှိနေသေးတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး REC ရဲ့ စာရင်းအရသိရပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org