ရခိုင်ဒေသ အင်တာနက်ပြန်ဖွင့်ပေးဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အင်တာနက်ဖြတ်လိုက်လို့ ဒေသခံတွေရဲ့ အသက်အိုးအိမ် ထိခိုက်ဆုံးရှုံးမှုတွေ ရှိနေတာကြောင့် အင်တာနက် ပြန်ဖွင့်ပေးဖို့ အရပ်ဘက် အဖွဲ့အစည်းတွေက အစိုးရကို တောင်းဆိုလိုက်ပါတယ်။

အင်တာနက်လိုင်း ယာယီဖြတ်တောက်ခံတဲ့ မြောက်ဦးမြို့နယ်က ဆက်သွယ်ရေးတာဝါတိုင်တစ်ခုကို ၂၀၁၉၊ ဇွန် ၂၄ ရက်နေ့က တွေ့ရစဉ် Photo: Min Thein Aung/ RFA

အရပ်ဘက်အဖွဲ့အစည်း ၁၀၅ ဖွဲ့က ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့ကို အင်တာနက် ဖြတ်တောက်ထားတာ ပြန်ဖွင့်ပေးဖို့ အစိုးရကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

အင်တာနက်ဖြတ်လိုက်လို့ ဒေသခံတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ သူတို့ရဲ့ အသက်အိုးအိမ် လုံခြုံမှု အကုန်လုံးအတွက် စိုးရိမ်စရာ ရှိနေတယ်လို့ စုပေါင်းတောင်းဆိုတဲ့အဖွဲ့ထဲမှာပါတဲ့ ဝံလက်ဖောင်ဒေးရှင်း တည်ထောင်သူ ဦးခိုင်ကောင်းစံက ပြောပါတယ် ။

“လူ့အခွင့်အရေးချိုးဖောက်ဖို့အတွက်များ ရည်ရွယ်ချက်ရှိရှိ အင်တာနက် ပိတ်တာလားပေါ့။ လုံခြုံရေးကို အကြောင်းပြပြီး ပိတ်တယ်ဆိုရင်လည်း စစ်ရေးအရကိုပဲ ဖြေလျှော့ဖို့အပိုင်းမှာ စဉ်းစားဖို့လိုအပ်တယ်လို့ ထင်ပါတယ်။ လုံခြုံရေးလို့ပြောရင် ပြည်သူတွေရဲ့ လုံခြုံရေးကိုရော ထည့်သွင်းမစဉ်းစားဘူးလား ဆိုတာက ပြောစရာ ဖြစ်နေတယ်။"

လူပေါင်း တစ်သန်းကျော်လောက်ရှိတဲ့ ရခိုင်မြောက်ပိုင်းကို အစိုးရက လုံခြုံရေးအကြောင်းပြပြီးတော့ အင်တာနက် ဖြတ်တောက်ထားတာ အခုဆိုရင် ရပ်ပေါင်း ၂၄၂ ရက်ရှိလာပါပြီ။

တကယ်တော့ အစိုးရက ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှာ အင်တာနက်လိုင်း ပြန်ဖွင့်ပေးခဲ့ပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ ( ၅ ) လအကြာမှာ ပြန်ဖြတ်တောက်ခဲ့ပါတယ်။

အင်တာနက်ဖြတ်တောက်မှုဟာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုကို ပိုပြီး ဖြစ်စေအောင် တွန်းအားပေးနေသလို ဖြစ်နေပါတယ်။ အင်တာနက် ဖြတ်တောက်တာခံရတဲ့ ဒေသတွေမှာ နှစ်ဘက်တိုက်ပွဲတွေကြောင့် နေ့တိုင်း ဒေသခံတွေ ထိခိုက်နစ်နာနေမှုတွေ ရှိနေတာလည်း စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ပါတယ်။

အင်တာနက်ဖြတ်တောက်ပြီးနောက်ပိုင်း တပ်မတော်နဲ့ AA တို့ တိုက်ပွဲပြင်းထန်လာတာကြောင့် အရပ်သား ပြည်သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ထိခိုက်ဒဏ်ရာရမှုတွေ တိုးလာတယ်လို့ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက သုံးသပ်ထားပါတယ်။

“အင်တာနက်ဖြတ်တောက်ပြီးနောက်ပိုင်းချိန်ကစပြီး စစ်တပ်ကဖိပြီးတော့ စစ်ဆင်ရေးတွေလုပ်တယ်။ AA ကလည်း တန်ပြန်တိုက်ခိုက်တာတွေ ရှိတဲ့အတွက် အရပ်သားပြည်သူတွေ တောက်လျှောက် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်။ လက်နက်ကြီးထိမှန်လို့ ထိခိုက်ဏ်ရာရတဲ့ကိစ္စတွေ တွေ့ရတယ်။ အထူးသဖြင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရတဲ့ကိစ္စတွေ တောက်လျှောက်ဖြစ်နေတယ်။"

အင်တာနက်ပိတ်လိုက်လို့ ရခိုင်ပြည်နယ်က မွတ်စလင်နဲ့ ရခိုင်တိုင်းရင်းသား လူမှုအသိုင်းအဝိုင်းအားလုံး နေ့စဉ်လူမှုဘဝမှာ နစ်နာမှုတွေရှိနေပါတယ်။

ဒီလထဲမှာပဲ တပ်မတော်ဘက်က ဒုတပ်ရင်းမှူး အဆင့်ရှိသူ ဗိုလ်မှူးတစ်ဦးနဲ့ ဗိုလ်တစ်ဦး ကျဆုံးခဲ့တာကို မိသားစုဝင်တွေက လူမှုကွန်ရက်ပေါ်မှာ တင်လာကြပါတယ်။

ရက္ခိုင့်တပ်တော် အေအေနဲ့ တပ်မတော်တို့ကြားမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး၊ တိုက်ပွဲကြားမှာ ဒါမှမဟုတ် အကြောင်းမဲ့ပစ်ခတ်လို့ အရပ်သားတွေ ထိခိုက်ဒဏ်ရာတွေ သေဆုံးမှုတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၁၃ ရက် နေ့တုန်းကလည်း ဘူးသီးတောင်မြို့နယ်က ခမွေချောင်ကျေးရွာ မူလတန်းကျောင်းထဲကို လက်နက်ကြီးကျလို့ ကလေးငယ် ၂၁ ဦး ဒဏ်ရာ ရသွားခဲ့ပါတယ်။

AA က ဒီပစ်ခတ်မှုကို တပ်မတော်ရဲ့ ဘူးသီးတောင်တပ်ရင်းက ပစ်ခတ်တာဖြစ်တယ်လို့ စွပ်စွဲပါတယ်။ အင်တာနက်ဖြတ်တောက်ပြီးတော့ အဖြစ်မှန်တွေကို ဖုံးကွယ်နေတာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ NLD အစိုးရနဲ့ တပ်မတော်ကို အရေးယူဖို့ တောင်းဆိုထားပါတယ်။

တစ်နှစ်ကျော်လာတဲ့ ရခိုင်တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ရခိုင်စစ်ဘေးဒုက္ခသည် တစ်သိန်းကျော် ရှိနေပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org