ရခိုင်မြောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ်သတင်း သိနိုင်ရေး အင်တာနက်ဖွင့်ပေးဖို့ တောင်းဆို

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေ သိရှိနိုင်ဖို့အတွက် ရခိုင်နဲ့ ချင်းပြည်နယ်က ကိုးမြို့နယ်မှာ အင်တာနက်ဖြတ်တောက်ထားတာကို ပြန်ဖွင့်ပေးပါလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC က မတ်လ ၁၈ ရက် မနေ့က ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ ရန်ကုန်မြို့မှာ အရပ်ဘက်အဖွဲ့တွေ ၂၀၁၉ ဒီဇင်ဘာ ၂၄ ရက်နေ့က ဆန္ဒပြစဉ် Photo: Thant Zin Oo/RFA

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေ သိရှိနိုင်ဖို့အတွက် ရခိုင်နဲ့ ချင်းပြည်နယ်က ကိုးမြို့ နယ်မှာ အင်တာနက်ဖြတ်တောက်ထားတာကို ပြန်ဖွင့်ပေးပါလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC က မတ်လ ၁၈ ရက် မနေ့က ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မတ်လ ၁၂ ရက်နေ့က သတ်မှတ် လိုက်ပြီး နိုင်ငံတိုင်းလိုလို ကူးစက်ပျံ့နှံ့နေပေမယ့် ဒါကို စိုးရိမ်ရကောင်းမှန်း မသိတဲ့သူတွေထဲမှာ သတင်းစီးဆင်းမှု ကန့်သတ်ခံထားရတဲ့ ရခိုင်က စစ်ပြေးဒုက္ခသည် အများအပြားလည်း ပါဝင်နေပါတယ်။

စစ်ဘေးဒုက္ခသည်တွေမှာ လျှပ်စစ်မီးမရှိ၊ ရုပ်မြင်သံကြား မရှိ ၊ ရေဒီယိုလည်း သေသေချာချာ နားမထောင်နိုင်တဲ့ အတွက် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေရဖို့ ခက်ခဲနေသလို ဘယ်လိုကာကွယ်ရမယ် ဆိုတာလည်း မသိကြဘူးလို့ REC အတွင်းရေးမှူး  ဦးဇော်ဇော်ထွန်း က ပြောပါတယ်။

"လူတစ်ယောက်ကူးလိုက်ပြီဆိုတာနဲ့ စခန်းမှာရှိတဲ့ ထောင်နဲ့ချီတဲ့လူတွေကို တစ်ရက် နှစ်ရက်အတွင်း ကူးစက် ခံရမယ့် အခြေအနေမှာရှိတယ်။ ဒါဆို အဲစခန်းတွေသာမကဘဲ ဒေသတစ်ခုလုံးကို ခြိမ်းခြောက်ပြီး အစုလိုက် အပြုံလိုက် သေနိုင်တာမျိုးရှိတယ်။ ဒီလိုအခြေအနေတွေကြောင့် အင်တာနက်ကို ဘယ်လိုအကြောင်းပြချက် နဲ့ဖြစ်ဖြစ် ပြန်ဖွင့်ပေးဖို့ ထုတ်ပြန်ခြင်းဖြစ်တယ်။"

တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်နေကြတဲ့  ရခိုင်ပြည်နယ်မြောက်ပိုင်း ရှစ်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ အစိုးရက လုံခြုံရေးအကြောင်းပြချက်နဲ့ အင်တာနက် ဖြတ်တောက်ထားတာ ကိုးလရှိလာပါပြီ။

ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်း သုံးသောင်းကျော်ရှိနေပြီး ရောဂါပိုးရှိလာပြီဆိုရင် ဒုက္ခသည် စခန်းတွေဟာ အန္တရာယ်ရှိလာနိုင်တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ က သုံးသပ်ပါတယ်။

"အခုက ပညာပေးတယ်ဆိုတာ နေရာတကာကိုရောက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ နေရာတကာရောက်နိုင်ဖို့က အင်တာနက်လိုတာကိုး၊ သူတို့တောင်းဆိုတာ တောင်းဆိုသင့်ပါတယ်။ မဖြစ်ရင် ကံကောင်းတယ် ဖြစ်ရင် သေပြီ သာမှတ် သူတို့မှာ ဘယ်လိုကာကွယ်ရမယ်ဆိုတာမသိဘူး။ ဘယ်သူလာပြောမလဲ၊ ဘယ်သူမှလည်း လာမပြော ရဲဘူး။ ဒုက္ခသည်စခန်းဆိုတာ အစုလိုက် အပြုံလိုက်နေကြရတာ အဲဒီဒုက္ခသည်စခန်းထဲကို ဒီရောဂါပိုးရောက် သွားရင် ဘယ်လိုလုပ်ကြမလဲ။"

အင်တာနက်ဖြတ်တောက်ထားတာကြောင့် သတင်းအချက်အလက်တွေ မရနိုင်တဲ့  ပြဿနာအပြင်  ပြည်ပမှာ အလုပ်လုပ်နေတဲ့သူတွေ မိသားစုဝင်တွေနဲ့ အဆက်အသွယ်တွေပါ ပြတ်တောက်ကုန်တယ်လို့ဆိုပါတယ်။

အင်တာနက်ပြန်ဖွင့်ပေးဖို့ တောင်းဆိုနေကြပေမယ့် ဘာမှအကြောင်းထူးလာတာမျိုးမရှိဘူးလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေထံ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမရှိပါဘူး။

ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံနဲ့ ဒေသပေါင်း ၁၅၈ နိုင်ငံမှာ ကူးစက်ဖြစ်ပွားနေတာပါ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီနေ့ မနက် ၁၀ နာရီအထိ လူ ၈၈၁၀ သေဆုံးခဲ့တယ်လို့ အမေရိကန် ပြည်ထောင်စု Johns Hopkins တက္ကသိုလ်ရဲ့ လေ့လာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာတော့ မတ် ၁၈ ရက်နေ့အထိ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်စာရင်းတွေအရ  သံသယနဲ့ စောင့်ကြည့်လူနာ ရန်ကုန်မြို့မှာ ၆၄ ဦး၊ ရှမ်းပြည်နယ်မှာ ၂၅ ဦး၊ မန္တလေးမှာ ၃၁ ဦးနဲ့  တခြားပြည်နယ်တိုင်းတွေ မှာ ၃၇ ဦး စုစုပေါင်း ၁၅၇ ယောက်ရှိပါတယ်။ ဒါပေမဲ့ ကူးစက်ခံရတယ်ဆိုပြီး အတည်ပြုနိုင်တဲ့လူနာတစ်ယောက်မှ မရှိသေးဘူးလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စောင့်ကြည့်လူနာတွေထဲက တချို့ သေဆုံးသွားကြတာဟာ တခြားရောဂါတွေကြောင့်ဖြစ်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကူးစက်မခံရအောင် လူစုလူဝေးကို ရှောင်ဖို့၊ လက်ကို မကြာခဏ ဆေးကြောသန့်စင်ဖို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org