ရခိုင်အင်တာနက် ဖြတ်တောက်မှု ICJ ကို မျက်ကွယ်ပြုသလား

2020.02.04

နိုင်ငံတကာတရားရုံး ICJ က ရိုဟင်ဂျာတွေကို ကာကွယ်ဖို့ ကြားဖြတ်အမိန့် မြန်မာအပေါ်ချထားပေမယ့်၊ မြေပြ င်မှာ ရိုဟင်ဂျာတွေပစ်ခတ်ခံရလို့ သေဆုံးတာတွေဆက်ဖြစ်နေဆဲပါ။ ပစ်ခတ်ခံရတာကို အင်တာနက်ရရှိစဉ်က လူမှုကွန်ရက်ပေါ်မှာ ရိုဟင်ဂျာတွေ တင်နိုင်ပေမယ့် ဒီနေ့ကစပြီး အင်တာနက်မရှိတော့လို့ မြင်နိုင်ခွင့်နည်းပါး သွားပါပြီ။

နိုင်ငံတကာတရားရုံး ICJ က မြန်မာအနေနဲ့ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ ကြားဖြတ်စီရင်ချက် လေးရပ်ချမှတ်ပြီး နှစ်ရက်အကြာမှာပဲ ဇန်နဝါရီ ၂၅ ရက်နေ့မှာ ဘူးသီးတောင်နယ် ကင်းတောင်ရွာထဲ လက်နက်ကြီးကျလို့ အသက် ၁၈ နှစ်နဲ့ အသက် ၂၀ အရွယ် ရိုဟင်ဂျာအမျိုးသမီး နှစ်ဦး သေဆုံးခဲ့ပါတယ်။

နောက်ထပ် ရိုဟင်ဂျာ ခုနှစ်ဦးလည်း ဒဏ်ရာရှိသွားခဲ့ပါတယ်။ သေသွားတဲ့ နှစ်ယောက်ထဲက တစ်ယောက်ဟာ ကိုယ်ဝန်နဲ့ပါ။ တစ်နည်းအားဖြင့် ဇန်ဝါရီ ၂၅ ရက်နေ့ ရိုဟင်ဂျာအမျိုးသမီး နှစ်ဦး သေဆုံးမှုဟာ ICJ အမိန့်နဲ့ ဆန့်ကျင်ဖက်ဖြစ်နေပါတယ်။

ICJ က ချမှတ်လိုက်တဲ့ ကြားဖြတ်စီရင်ချက်လေးရပ်မှာ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေကို အစုလိုက်ဖြစ်စေ၊ တစိတ်တပိုင်းဖြစ်စေ၊ သတ်ဖြတ်ခြင်း ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်းကနေ ကာကွယ်ပေးရန်လို့ ဖော်ပြထားပါတယ်။

မနေ့တုန်းက နေပြည်တော်က တပ်မတော်သတင်းစာရှင်းလင်းပွဲမှာတော့ ဒီပစ်ခတ်မှုက AA လက်နက်ကိုင်တပ်ဖွဲ့ ကလုပ်တယ်လို့ စွပ်စွဲပါတယ်။ ရိုဟင်ဂျာအမျိုးသမီးတစ်ဦးကိုလည်း AA တပ်ဖွဲ့ဝင်တွေ မုဒိန်းကျင့်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောဆိုခဲ့ပါတယ်။

Rohingya သတင်းတွေတင်လေ့ရှိတဲ့ Rohingya Today နဲ့ ရိုနေစန်းလွင်တို့ရဲ့ လူမှုကွန်ရက်ပေါ်မှာတော့ AA တပ်ဖွဲ့တချို့က ရိုက်နှက်တယ်လို့ ဖော်ပြထားပါတယ်။ ရိုဟင်ဂျာအမျိုးသမီး နှစ်ဦး လက်နက်ကြီးထိမှန်သေဆုံး တဲ့ကိစ္စကို ရိုနေစန်းလွင်က တပ်မတော်ဘက်က ပစ်ခတ်တာဖြစ်တယ်လို့ နေစန်းလွင်က ပြောပါတယ်။

AA ပြောခွင့်ရ ခိုင်သုခကတော့ မုဒိန်းကျင့်တဲ့ဖြစ်စဉ် လုံးဝမရှိဘူးပြောပါတယ်။ အဲဒီရွာက ရိုဟင်ဂျာရွာသားတွေနဲ့ ရခိုင်လူငယ် နှစ်ဦး ခိုက်ရန်ဖြစ်ပွားခဲ့တာကို လုပ်ကြံပြောဆိုတာဖြစ်တယ်လို့ ပြောပါတယ်။

ကင်းတောင်ရွာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတချို့က ဒဏ်ရာရသွားတဲ့ ဗီဒီယိုဖိုင်တွေကို ဖေ့စ်ဘွတ်နဲ့ တွစ်တာ လူမှုကွန်ယက်ပေါ်မှာ နာရီပိုင်းအတွင်း ပျံ့နှံ့လာပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ ကလည်း အဲဒီဖိုင်တွေကို တင်ထားပါတယ်။ အဲဒီထဲက ဗွီဒီယိုဖိုင်တစ်ခုမှာ ဘူးသီးတောင် တပ်ရင်း ၅၅၁ က လက်နက်ကြီး သုံးချက်ပစ်ရာ ကနေ တစ်လုံးဟာ ရွာထဲကနေအိမ်ကိုထိမှန်တယ်လို့ သေဆုံးသူ ရိုဟင်ဂျာအမျိုးသမီးရဲ့အကိုက ပြောထား ပါတယ်။

တပ်မတော်သတင်းစာရှင်းတဲ့နေ့မှာပဲ ရခိုင်မြောက်ပိုင်းမှာနေထိုင်တဲ့ ဖုန်းသုံးစွဲသူတချို့က အင်တာနက်လိုင်းရတဲ့ ဘူးသီးတောင်၊ မောင်တောမှာ အင်တာနက်ပိတ်တော့မယ်ဆိုတဲ့ အကြောင်းကြားစာရရှိတယ်လို့ လူမှုကွန်ရက် ပေါ်မှာ ရေးသားကြပါတယ်။ အပိတ်ခံရတဲ့မြို့နယ်က ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ဖြစ်ပါတယ်။

အင်တာနက်ဖြတ်တောက်တာဟာ ရခိုင်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေ လူမှုကွန်ရက် ပေါ်မှာ ဗွီဒီယိုဖိုင်တွေ၊ သတင်းအချက်အလက်တွေ ပြန့်တာကို ဖုံးဖိဖို့ လုပ်ဆောင်တဲ့သဘောလို့ AA ပြောခွင့်ရ ဦးခိုင်သုခ က ပြောပါတယ်။

Athan အဖွဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခ ကတော့ အင်တာနက်ပိတ်တဲ့ကိစ္စဟာ ICJ အမိန့်ကို မလိုက်နာတဲ့ သဘောလားလို့ မေးခွန်းထုတ်ဖွယ်ရာဖြစ်နေတယ်လို့ပြောပါတယ်။

ရိုဟင်ဂျာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ရိုနေစန်းလွင်က ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ လူမှုအသိုင်းအဝိုင်း နှစ်ခုလုံးအပေါ်မှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေ ဆက်ဖြစ်မှာကိုစိုးရိမ်လို့ အင်တာနက်ဖွင့်ပေးဖို့ပြောပါတယ်။

တက်ကြွလှုပ်ရှားသူတွေက ဒီလိုရှုမြင်နေပေမဲ့လည်း သေနင်္ဂဗျူဟာ လေ့လာရေး အင်စတီကျူအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦး ကတော့ အင်တာနက်ပိတ်တာကို လုံခြုံရေးအရလို့ သုံးသပ်ပြောဆိုပါတယ်။

"အင်တာနက်ကွန်ရက်ကိုသုံးပြီးတော့ ARSA လို အကြမ်းအဖက်အဖွဲ့တွေရဲ့ သတင်းပေးတာယူတာတွေကို ဒုက္ခသည်စခန်းတွေကနေ လုပ်ဆောင်နေတာတွေရှိတယ်ဆိုတဲ့ သတင်းတွေအရ အဲလိုလုပ်လို့မရအောင် ပိတ်ထားတဲ့ သဘောလို့ပဲမြင်ပါတယ်၊ လုံခြုံရေးအရဆိုရင်တော့ ကျွန်တော်တို့ကပိတ်ရမှာပဲ၊ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ရဲ့လုံခြုံရေးက ဆိုးဆိုးရွားရွားဖြစ်နေတာပေါ့၊ အခုလည်း ဖုန်းလိုင်းကရှိနေတာပဲလေ၊ အင်တာ နက်ပိတ်ခြင်းအားဖြင့် သတင်းအမှားတွေ မလိုအားလားအပ်တာတွေကို ရှောင်ရှားနိုင်မယ့်အနေ အထားရှိတာပေါ့"

ရခိုင်မှာ အင်တာနက်လိုင်း ပြန်ပိတ်ရတဲ့အကြောင်းအရင်းကို အစိုးရက တရားဝင်ရှင်းလင်းထုတ်ပြန်တာမျိုး မရှိပါဘူး။ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်ကို RFA က ဒီနေ့ အကြိမ်ကြိမ်ဆက်သွယ် ပေမယ့် ဖြေဆိုခြင်းမရှိခဲ့ပါ။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇွန်လပိုင်းကတည်းက မြို့နယ် ၉ ခုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအစိုးရရဲ့ ထိန်းချုပ်မှု အောက်မှာရှိတဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ပိတ်ထားခဲ့ပါတယ်။ အထက်မှာပါတဲ့ ငါးမြို့နယ်ကို စက်တင်ဘာလထဲမှာပဲ အင်တာနက်လိုင်းပြန်ဖွင့်ပေးခဲ့တာပါ။

အင်တာနက်ပိတ်ရတဲ့အကြောင်းအရင်းကို ဒီမိုကရေစီအစိုးရအနေနဲ့ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့ လိုတယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောပါတယ်။

လက်ရှိမှာတော့ အစိုးရ တပ်မတော်နဲ့ ရခိုင်တပ်တော်တို့ကြား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည်အရေအတွက် တစ်သိန်းကျော်ရှိနေပြီလို့ အရပ်ဖက်အဖွဲ့တွေက ကောက်ယူထားတဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီရိုဟင်ဂျာ ရွာသားတွေဟာ  ၂၀၁၇ ရခိုင်မြောက်ပိုင်း ရှင်းလင်းရေးစစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်ကို ခုနစ်သိန်းဝန်းကျင် ထွက်ပြေးခဲ့ရပါတယ်။ ကုလသမဂ္ဂအချက်လက်ရှာဖွေရေးမစ်ရှင် FFM က လူမျိုးတုံး သတ်ဖြတ်မှုလို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် ဂမ်ဘီယာနိုင်ငံက မြန်မာကို ICJ မှာ တရားစွဲဆိုထားတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။